Main menu

Seminar on Traceability in Rice Moisture Measurement program ဖွင့်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ဆန်စပါးအစိုဓါတ်တိုင်းတာရေး နောက်ကြောင်းပြန် ခြေရာခံစနစ်နှင့် ပတ်သက်၍ Seminar on Tracebility in Rice Moisture Measurement program ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက် (၁၀) နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေ တက်ရောက်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား သို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်မှ ဒုဥက္ကဌဒေါက်တာမျိုးအောင်ကျော်၊ရန်ကုန်တိုင်းဒေသကြီးတိုင်း ဦးစီးမှူး ဦးမြင့်ချို၊ ဂျပန်နိုင်ငံ Kett Electric Laboratory Co.,Ltd မှ Mr. Yoshida Norihiro , Japan Development Service (JDS) မှ တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ CTQM ဌာန၏ဌာနမှူးနှင့် ဝန်ထမ်းများ ၊ လှည်းကူးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ သင်တန်းသား /သူ (၃၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။

          Seminar on Traceability in Rice Moisture Measurement program ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ကျင်းပမည် ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ ဝန်ထမ်း(၂၀)ဦး ၊CTQM မှ ဝန်ထမ်း (၈)ဦး၊ MITS မှ ဝန်ထမ်း(၂)ဦး နှင့်  MRF မှ ဝန်ထမ်း(၄)ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။  စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေမှ ဆန်စပါးကဏ္ဍတွင် အစိုဓါတ်၏ ကြိတ်ခွဲရေးနှင့် သိုလှောင်ရေးအပိုင်းတွင် အရေးပါပုံများ၊ ဆန်စပါးအစိုဓါတ်တိုင်းတာရေးနောက် ကြောင်းပြန်ခြေရာခံစနစ်ဖြစ်ပေါ်လာပုံ နှင့် JICA အကူအညီဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နေမှုများ၊သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ National Institute of Metrology Myanmar  (NIMM) မှ Primary Standard အဖြစ်တာဝန်ယူပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနရှိ CTQM မှ Secondary Standard အဖြစ်တာဝန်ယူရပုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ကူညီဆောင်ရွက်ရမည့်အပိုင်းများစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဆန်စပါးရောင်းဝယ်ရေးကဏ္ဍ၌ လယ်သမား၊ပွဲစား၊ စက်ပိုင် နှင့်ကုန်သည်စသည့်အလွှာတိုင်းတွင် အစိုဓါတ်တိုင်းကရိယာများအသုံးပြုလျက်ရှိပြီး ၊ ၎င်းတို့သည်တိကျမှန်ကန်သော  အစိုဓါတ်တိုင်းကိရိယာများဖြစ်ရန် လိုအပ်ပါကြောင်း၊ အစိုဓါတ် သည် ဆန်စပါး၏အရည်အသွေးကိုသက်ရောက်မှုရှိသည့်အပြင် ရောင်းဝယ်ဖောက်ကားသည့် နေရာတွင်လည်း အလေးချိန်အပေါ်သက်ရောက်မှုရှိသဖြင့် အရေးကြီးပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် အဆိုပါစီမံကိန်းကို စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေးရှုထောင့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် တရားမျှတသော ကုန်သွယ်မှုဆီသို့ ဦးတည်နိုင်ရန် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်ဝေ မှ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ( MRF) ဒု-ဥက္ကဌ ဒေါက်တာမျိုးအောင်ကျော် မှ စီမံကိန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဆန်စပါးအစိုဓါတ်၏ အရေးပါပုံများ၊ စီမံကိန်းတွင် အစိုးရဝန်ကြီးဌာန(၂)ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာန နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနအပြင် MRF အနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင် ကူညီဆောင်ရွက် လျက်ရှိကြောင်းရှင်း လင်းပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓါတ် တိုင်းတာခြင်းနှင့်ပတ်သက်၍ နောက်ကြောင်းပြန် ခြေရာခံစနစ်တည်ထောင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ Kett Electric Laboratory Co.,Ltd အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဆိုပါ စနစ်ကိုတည်ထောင်ပေးခဲ့ပြီး မြန်မာအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှား၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တည်ထောင်ပေးခဲ့သည်မှာ (၁၅) နှစ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

မောင်မောင်

  CTQM