Languages

Main menu

ရှားစောင်းလက်ပပ်အပင် ဆေးဘက်ဝင် စျေးကွက်ဝင်

Powered by Drupal

ရှားစောင်းလက်ပပ်အပင် ဆေးဘက်ဝင် စျေးကွက်ဝင်

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအနှံ့အပြားတွင် ရှားစောင်းလက် ပပ်အပင်များကို စိုက်ပျိုးကြပါတယ်၊ အိမ်ခြံဝန်းများနှင့် ယာခင်းကန်သင်းများမှာ စိုက်ပျိုးလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်ပင်သည် မြေကြီး အစိုဓာတ် အသင့်အတင့် ရရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ်အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်ပါ တယ်။

ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့မြေမျိုး

        ရှားစောင်းလက်ပပ်အပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက်ရရှိရပါမယ်၊ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်း စေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သို မှီးထား နိုင်တဲ့မြေမျိုးဖြစ်ရ ပါမယ်၊အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ စျေးကွက်မှာ အလွယ်တကူဝယ်ယူ  နိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။စိုက်ပျိုးမယ်ဆိုရင် မြေထဲတွေမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်းဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။ သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြ ဇာတွေ အများအပြား ပါဝင်နေတဲ့အတွက်အကောင်းစား မြေမျိုး ဖြစ်သွားမှာဖြစ် ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်း ပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကို နှစ်သက်ပါတယ်၊

ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ

          ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊ မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်၊ မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။ အတိုင်း ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့် တစ်ပင် ၅ ပေကြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွား ကျိုင်းကာဖြစ်ထွန်း အောင်မြင် လာပါတယ်။ အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင် တယ်လို့ဆိုလို ပါတယ်။ ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီ ပုံပေးပါက ပို၍ ဖြစ်ထွန်းလွယ်တယ်လို့ ဆိုပါတယ်။ ရှားစောင်းလက်ပပ်က စိုက်ပျိုးဖို့ အချိန်အခါကောင်းက ဆောင်းကုန်ပြီး မြူနှင်း ကင်းစင် တဲ့  မတ်လတွင် အကောင်းဆုံး စိုက်ပျိုး ချိန်ပါ။

 နေရောင်ခြည်

          ရှားစောင်းလက်ပပ်က နေရောင်ခြည်ကို အနှစ်သက်ဆုံးဖြစ်ပါတယ်၊ အရွက်ထဲမှာ အသားတွေနဲ့ ပြည့်ဖောင်းနေတဲ့အကြောင်းရင်းဟာ နေရောင်ခြည်လုံလုံလောက်လောက် ရရှိလိုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပျိုးပင်ဘဝအစမှာတော့ ပြင်းထန်တဲ့ နေရောင်ခြည် ရဲ့ဒဏ်ကို မခံနိုင်သေးပါဘူး။

မြေသြဇာမများစေနဲ့

          ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွား မှုကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများလွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ် ပါတယ်၊ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ၊

မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ

          မြေကြီးမှာ ချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်း လက်ပပ်ထက် ပိုပြီးကြီးထွားလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့် တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့ နေရာမျိုးမှာ လုံးဝမစိုက် ပျိုးသင့်ပါဘူး ၊ ဘာကြောင့်လဲဆိုတော့  ရှားစောင်းလက်ပပ်က သဲကန္တာရဒေသ ဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကို မကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန် စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့

        ရှားစောင်းလက်ပပ်ကို အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက်လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊ တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။ ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်  ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေး ဖိုးမလိုပါဘူး။

သားတက်ခွဲစိုက်နည်း

          သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့ အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါ စိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲ ကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေအသေအချာခိုင်လာမှ ရေ လောင်းပါ။မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊ အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့ အရောင် ကလဲ အစိမ်းရင့်ရောင်ပြောင်းလဲလာပါလိမ့်မယ်၊  အဲဒီတော့မှ အသေအချာစစ်ဆေးကြည့် ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြုချင်ပါတယ်။

တစ်ကြိမ်မှာ ဘယ်လောက်သုံးသင်သလဲ

          ရှားစောင်းလက်ပပ်ရည် အပါအဝင် အခုအခါမှာ ရှားစောင်းလက်ပပ်ထုတ်ကုန် ပစ္စည်းတွေ ဥပဒေနှင့်အညီ ထုတ်လုပ်လာကြတာအများကြီးပါပဲ၊ စားကုန်သောက်ကုန်တွေ အနေနဲ့ ရှားစောင်းလက်ပပ်သကြားလုံး၊ ရှားစောင်းလက်ပပ်ခြောက် (ရေနွေးကြမ်းလုပ် သောက်ဖို့) ၊ ရှားစောင်းလက်ပပ်အမှုန့်၊ ရှားစောင်းလက်ပပ်လျက်ဆား၊ ရှားစောင်းလက် ပပ်ခေါက်ဆွဲ၊ ရှားစောင်းလက်ပပ်ပန်းဂျုံခေါက်ဆွဲ၊ရှားစောင်းလက်ပပ်လက်ဖက်ခြောက် ထုပ်စတဲ့ ပစ္စည်းတွေဟာ စျေးကွက်ထဲစုံနေအောင် ဝယ်လို့ရနေပါတယ်။

          တခြားလူသုံးကုန်တွေအနေနဲ့ ရှားစောင်းလက်ပပ်ခေါင်းလျှော်ရည်၊ရှားစောင်းလက် ပပ်ဆံပင်သန်ဆေးရည်၊ ရှားစောင်းလက်ပပ်အလှရည်၊ ရှားစောင်းလက်ပပ်ကိုယ်တိုက် ဆပ်ပြာ၊ စတဲ့နေစဉ်သုံးပစ္စည်းတွေမျိုးစုံကိုလည်း ထုတ်လုပ်နေပါတယ်၊ ဒါပေမယ့်  အိမ် တွင်းမှာ ရှားစောင်းလက်ပပ်ကိုစိုက်ပြီး အသုံးပြုလိုကြတဲ့ လူတွေအတွက်တော့ နည်းနည်း ရှင်းပြချင်ပါတယ်၊ အရေးကြီးတဲ့အချက်ကတော့  ဘယ်ရွေ့ဘယ်မျှသုံးစွဲသင့်တယ် ဆိုတာပါပဲ။စားသုံးမယ်ဆိုရင် စစချင်း တစ်ခါတည်း အများကြီးမစားသင့်ပါဘူး၊ နည်းနည်းချင်းကနေ စတင်စားသင့်ပါတယ်၊ ရှားစောင်းလက်ပပ်က အရမ်းဆေးစွမ်း ထက်ပါတယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ယခုရေးသားတင်ပြတဲ့ကျမကိုယ်တိုင်  ဓာတ်ချုပ်လို့ ရုံးဝန်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ရှားစောင်းလက်ပပ် တလက်ဖြတ်ပြီး စားလိုက်လျှင် မနက်အိပ်ရာထ ဝမ်းသွားရပါတယ်၊ ငရုတ်သီး အစားများလို့ ဝမ်းပူ၊ ရောဂါ ကြောင့် ဝမ်းပူတာပဲဖြစ်ဖြစ် ရှားစောင်းလက်ပပ်စား လိုက်လျှင် ဝမ်းအေးသွား ပါတယ်၊ ရှားစောင်းလက်ပပ်က အစာအိမ်ရောင်တာတို့ စားလျှင်လဲ ပျောက်ကင်းပါတယ်၊ ဝမ်းကိုက်၊ ဝမ်းလျှော၊ ဝမ်းလွယ်တဲ့သူများကတော့ လျှော့ စားသင့်ပါတယ်၊ လျှို့ဝှက်ချက် ကတော့ မိမိခန္ဓာကိုယ်ရဲ့ အခြေအနေအရ သင့်တော်တဲ့နှုန်းကို လိုတိုးပိုလျှော့ လုပ်တတ် ဖိုပါပဲ၊ တစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်မတူညီပါဘူး၊ ရောဂါအခြေအနေလဲ မတူပါ ဘူး၊ အဲဒီတော့ အကျိုးသက်ရောက်မှုကလဲ အများကြီးကွာခြား သွားနိုင်ပါတယ်။

          ရှားစောင်းလက်ပပ်ကိုမှ မှီဝဲချင်တယ်ဆိုရင်တော့ သုံးစင်တာမီတာ(၁.၁၈) လက်မ ဗြက်ရှိတဲ့အရွက်ကို တစ်နေ့တာစားသုံးသင့်တဲ့နှုန်းက ၄ စင်တီမှတာကနေ ၅ စင်တီမီတာ ထက်မပိုတာအကောင်းဆုံပါပဲ၊ အမြန်ပျောက်ကင်းချင်တဲ့စိတ်နဲ့ လောကြီးပြီး တစ်ကြိမ်း တည်းများများစားသောက်တာကို ရှောင်ကြဉ်ပါ၊ “တန်ဆေးလွန်ဘေးဆို တဲ့စကားကို သတိ မလစ်ဟင်းကြပါစေနဲ့ ’’လို့ အကြုံပြုလိုပါတယ်။

တဖက်တစ်လမ်းကဝင်ငွေတိုး

          ယခင်နှစ်များတွင် ရှားစောင်းလက်ပပ်ပင်ကို အပင်လိုက်ဝယ်ယူရာ အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်းတစ်ခုကို ကျပ် ၅၀၀၀ ဝန်းကျင်ပေါက်စျေးရှိပြီး အနိမ့်ဆုံးစိုက် ခင်းတစ်ခင်းကို အပင်ကိုကြည့်ပြီး ကျပ် ၁၅၀၀၀ ကျော်မှ ၂၀၀၀၀ ကျပ်ပေးဝယ်ခဲ့ကြောင်း သိရှိရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေသောခေတ်တွင် များသောအားဖြင့် ခြံဝင်းများကို အလဟသမထားပဲ) တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေ ရဖို့ ရှားစောင်းလက်ပပ်ပင်ကို ဆေးဘက်ဝင်ပင်အဖြစ် စိုက်ပျိုးကြသလလို ဝင်ငွေရနေခြင်းဖြစ်ပါတယ်၊ ရှားစောင်း လက်ပပ်ကိုစိုက်ပြီး အသုံးပြုလိုကြတဲ့ သူများက အပင်မှ အလက်များကို ဓားဖြင့် လှီးဖြတ် ၍ တစ်ထပ်ခြင်း၊ အစီအရီထပ်ပြီးထည့်စရာတစ်ခုတွင် ထည့်ကာ ရှားစောင်းလက်ပပ် အတွင်းကအနှစ်ကိုအသာအယာခြစ်ယူက အနှစ်ကို ပိသာဖြင့်ရောင်းချ ရသလို အပင် လိုက်၊ အခင်းလိုက်ပုတ်ပြတ်လည်း ရောင်းချကြရပါတယ်၊ အခင်းလိုက်ပုတ် ပြတ်ဝယ်ယူ သည့်ပွဲစားများက ကုန်ကြမ်းမှ ကုန်ချောသို့ထုတ်လုပ်သူများထံ တဆင့်ရောင်း ချပြီး မိမိတို့လိုသလောက် လာလာပြီး လူငှားများဖြင့် လှီးဖြတ်တာကို တွေ့ရှိရပါတယ်။

 

ရှားစောင်းလက်ပပ်ကို စားသုံးနိုင်သည့် နည်းလမ်းများ

ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းရှင်များသည့် ရှားစောင်းလက်ပပ်ကို   ရှားစောင်းလက်ပပ်ယိုစုံ၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ် သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာ ပျောက်ကင်း စေတဲ့ဆေး ဆီပူခြင်း၊ မျက်စိပူခြင်း၊ အပူကန်ခြင်းအတွက်လည်း တကယ့်ဆေးစွမ်း ကောင်း တလက်ဖြစ်သလို ရှားစောင်း လက်ပပ်ချိုရည်၊ ခေါင်းလျှော်ရည်၊စနိုး၊ ဂျယ်စသည့် ကျန်းမာရေးနှင့် ကိုက်ညီသော လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် Value added တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ကို သဘာဝပစ္စည်းများဖြစ်သော ပျားရည်တို့ဖြင့်ကျိုချက်စားပါက အမျိုးသမီးများအတွက် အသားအရည် လှပကာ ကျန်းမာဝဖြိုးအလှတိုးစေမှာဖြစ်ပါတယ်။   ရှားစောင်းလက်ပပ်ကို စိုက်ပျိုးခြင်းဖြင့် လူတို့ရဲ့ ကျန်းမာရေး၊ စားသောက်ရေး၊ သုံးစွဲဖို့အရေး ထုတ်လုပ် တာဖြစ်တဲ့အတွက် “ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝ၊  ဆေးဘက်လည်းဝင်၊ စျေးကွက်ဝင်” သော ရှားစောင်း လက်ပပ်ပင်သည် အရင်းအနှီးလည်းမလိုပဲ တဖက် တလမ်းက ​မိသားစုဝင်ငွေတိုးရန် ချွေတာခြင်းအစ မီးဖိုချောင်က ဆိုလိုသလို မီးဖိုချောင် အသုံးစရိတ် ရရှိရန် နောင်များတွင် ရှားစောင်းလက်ပပ်ပင်သည် အလက်အထဲမှ အဖြူရောင်အနှစ် ဂျယ်လီလေးများသည် “အနှစ်ကလေးကလည်းလှ ၊ စျေးလေးကလည်းကြွ” လာနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

 

 သင်းသင်းအေး (မုံရွာ)