Languages

Main menu

စိုက်ပျိုးရ လျင်မြန် လွယ်ကူ၍ ငွေဝင်သော မုန့်ညှင်းကြီး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ မုန့်ညှင်းကြီးကို ဧကျကျယ်ကြီးများနှင့် စိုက်ပျိုးလာတာတွေ့ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန့်ညှင်းကိုအမျိုးမျိုးစီမံ စားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန့်ညှင်းကို အချဉ်တည်စဉ့်အိုးများနှင့် သိုလှောင်ပြီး နှစ်ပေါက်ရောင်းချသူများလည်း ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရက်ခြောက်ဆယ်ဆွတ်ခူးရောင်းချရတဲ့အတွက် လျင်မြန်စွာ ငွေဝင်တဲ့သီးနှံဖြစ်ကြောင်း သိရပါတယ်။

 

          “မုန့်ညှင်းကြီးမျိုးကို စိုက်ပျိုးရေးမျိုးဆိုင်ကြီးများမှ တစ်ထုပ်လျှင် ၅,၀၀၀ိ/ကျပ်နှင့် ဝယ်ယူရပြီး တစ်ဧကစာ အပင်အရေအတွက် မခန့်မှန်းနိုင်ပေမဲ့ ပိဿချိန် ၅၀၀ ထွက်ပါတယ်။ စိုက်ပျိုးရလွယ်ကူပါတယ်။ မြေပြင်နွားချေး ၁၀စီးခန့် ဖြန့်ခင်းပျိုးစေ့ချ ကောက်ရိုးအုပ်ပြီး ရေပါးပါးလောင်းပေးရပါတယ်။ နှစ်လလောက်ဆိုပါက ခူးဆွတ်လို့ရပြီး တစ်ဧကကုန်ကျစရိတ် ငွေကျပ် ၁၀၀,၀၀၀ိ/ခန့်ကုန်ကျပါတယ်။ လက်ရှိပေါက်စျေးမှာ တစ်ပိဿလျှင် ၁,၀၀၀ိ/ ကျပ်ရောင်းရတော့ တစ်ဧကလေးသိန်းကျော် အကျိုးအမြတ်ရရှိပါတယ်။ အချဉ်တည်ရောင်းချတဲ့ လုပ်ငန်းရှင်များကတော့ အခင်းပြတ်ဝယ်ယူကြပါတယ်။ မြစ်ကြီးနား၊မိုးညှင်း၊မိုးကောင်း၊ ကသာ၊ ဗန်းမောက်မြို့ကြီးများက အဝယ်များပါတယ်” လို့ တောင်သူဦးကျော်မင်းစိန်က ပြောပါတယ်။

          မုန့်ညှင်းမှာ ဒေသအခေါ်အဝေါ်အရ ကိုက်လန်၊ ရိုးတံရှည်၊ မုန့်ညှင်းသီး၊ မုန့်ညှင်းကြီး အမျိုးမျိုးရှိပေမဲ့ နှစ်ပေါက်မုန့်ညှင်းချဉ်ပြုလုပ်တာ မုန့်ညှင်းကြီး တစ်မျိုးသာဖြစ်တဲ့အတွက် စျေးကွက်ဝင်လျင်မြန်စွာ ငွေဝင်တဲ့မုန့်ညှင်းကြီးကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါတယ်လို့ သိရပါတယ်။

ကြည်နိုင်ဦး/အင်းတော်