Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်ကားကုမ္ပဏီ SIAC သည် ၎င်း၏ အိန္ဒိယလုပ်ငန်းခွဲသို့ ဗျူဟာမြောက် ရင်းနှီးမြုပ်နှံသူအသစ်များနှင့် မိတ်ဆက်ပေးခဲ့

     တရုတ်ကားကုမ္ပဏီ SIAC Motor က ပိုင်ဆိုင်‌သည့် အိန္ဒိယနိုင်ငံရှိ MG Motor India ကုမ္ပဏီသည် အိန္ဒိယသံမဏိကုမ္ပဏီကြီး JSW Group အပါအဝင် ဗျူဟာမြောက် ရင်းနှီးမြုပ်နှံသူအသစ်များကိုခေါ်ယူခဲ့သည်။

      JSW Group သည် ကုမ္ပဏီသို့ အိန္ဒိယရူပီး ၂၆.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂၉သန်းခန့်) စုစုပေါင်းရှယ်ယာလွှဲပြောင်းကြေး ၂၆ရာခိုင်နှုန်းပေးဆောင်ခဲ့သည်။

       ထို့နောက် SAIC သည် MG Motor India ၏ အစုရှယ်ယာ ၄၉ရာခိုင်နှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး အစုရှယ်ယာများနှင့်ပတ်သက်၍ မဲပေးပိုင်ခွင့်အချိုးအစားပိုမိုရရှိမည်ဖြစ်သည်။ SAIC သည်၎င်းတို့၏ အသားတင်အမြတ်ငွေ ယွမ် ၅ဘီလီယံမှ ၇ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၁သန်းမှ ၉၆၈သန်း) ခန့်တိုးလာမည်ဟု မျှော်လင့်ထားသည်။

       အစုရှယ်ယာလွှဲပြောင်းမှုအပြင် JSW နှင့် အခြားသောထုတ်လုပ်သူအဖွဲ့အစည်းများသည် MG Motor India သို့ အိန္ဒိယရူပီးငွေ ၂၅.၆ဘီလီယံကို  ပူးတွဲ ထည့်သွင်းမြှုပ်နှံသွားကြမည်ဖြစ်သည်။

       SAIC သည် MG Motor India ကို ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သည့် လုပ်ငန်းခွဲအဖြစ် ၂၀၁၇ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၂၃ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်ကားအစီး‌ရေ ၄သန်းကျော်ရောင်းချခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံ၏ မော်တော်ယာဥ်စျေးကွက်သည် ကမ္ဘာပေါ်တွင် အလျင်အမြန်ဆုံးကြီးထွားလာနေသည့် စျေးကွက်တစ်ခုဖြစ်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၃၈ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးကို ထိုင်းနိုင်ငံကျော်ဖြတ်သွားမည်ဟုခန့်မှန်း

     နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၃ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်‌ဒေါ်လာ(၄၃၃.၃) ဘီလီယံဖြင့် အရှေ့တောင်အာရှတွင် အဆင့်ငါးနေရာရပ်တည်နေခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည်‌ ဒေသတွင်းအရေးပါသည့် နိုင်ငံအနေဖြင့် တိုးတက်လျက်ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ လျှင်မြန်စွာတိုးတက်လာမှု ကြောင့် လက်ရှိအရှိန်ကို မြှင့်တင်ရန်လိုအပ်နေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄၆၉.၇)ဘီလီယံရှိလာမည်ဟု IMF က ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံ၊ ကုန်သွယ်ရေးနှင့်စီးပွားရေးသုတေသနဗဟို (CEBR) က ၂၀၃၈ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ (၁.၅၆) ထရီလီယံဖြင့် တစ်ကမ္ဘာလုံးတွင် (၂၁)နိုင်ငံမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့၏ စီးပွား‌ရေးအင်အားကို ကျော်ဖြတ်သွားမည်ဟုခန့်မှန်းထားကြပါသည်။ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာမှုသည် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင်ဗျူဟာမြောက်ပြောင်းလဲနိုင်မှု၊ ခိုင်မာသောနိုင်ငံတွင်းပြုပြင်ပြောင်းလဲမှု၊ ငယ်ရွယ်သောလုပ်သားထုအင်အားနှင့် အရေးပါသော ရင်းနှီးမြှုပ်နှံမှုမောင်းနှင်အားများကြောင့်ဖြစ်သည်ဟု CEBR ၏လေ့လာစိစစ်ချက်က ဖော်ပြနေပါသည်။ များပြားပြီး ငယ်ရွယ်သောလုပ်သားထုအင်အားကြောင့် လာမည့်နှစ်များစွာအတွင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာနိုင်ရန် အလားအလာရှိနေပါသည်။ ၂၀၄၅ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အာဆီယံနိုင်ငံအများစုထက် စီးပွားရေးအင်အားကျော်လွန်သွားပြီး တစ်ဦးချင်းဝင်ငွေမြင့်မားသည့် နိုင်ငံဖြစ်လာမည်ဟုခန့်မှန်းကြပါသည်။ ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၄ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ (၆.၆၇)ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဟုလည်း CEBR ကခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံနည်းတူ ဖိလစ်ပိုင်နိုင်ငံသည်လည်း အထင်ကြီးစရာကောင်းသည့် တိုးတက်မှုအလားအလာရှိနေပြီး ၂၀၃၈ခုနှစ်တွင် ကမ္ဘာ၏(၂၃)နိုင်ငံမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာနိုင်သည်ဟုခန့်မှန်းကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Telsa ကုမ္ပဏီမှအိန္ဒိယနိုင်ငံတွင် အမေရိကန်‌ဒေါ်လာ ၂ဘီလီယံမှ ၃ဘီလီယံထိ ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်နေရာအတွက် လေ့လာရန်အဖွဲ့စေလွှတ်မည်

     Telsa မှ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၂) ဘီလီယံမှ (၃)ဘီလီယံထိ ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်နေရာအတွက် လေ့လာရန်အဖွဲ့ကို ဧပြီလ နောက်ဆုံးပတ်တွင် စေလွှတ်သွားမည်ဖြစ်သည်။ Telsa သည် ၎င်းတို့၏ အဓိကစျေးကွက်ဖြစ်သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင် ယှဥ်ပြိုင်ဘက်ကုမ္ပဏီများစွာရှိသောကြောင့် ၂၀၂၄ခုနှစ်၊ ပထမ(၃)လပတ်ကာလ ရောင်းအားကျဆင်းလာသည့်အချိန်တွင် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်လတွင် အနည်ဆုံးအမေရိကန်‌ဒေါ်လာသန်း (၅၀၀) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး (၃)နှစ် အတွင်း လျှပ်စစ်ကားထုတ်လုပ်မှုစတင်မည့် ကုမ္ပဏီများအတွက် အခွန်များလျှော့ချပေးခဲ့ပါသည်။ Telsa သည် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် လွန်ခဲ့သည့်နှစ်များ အတွင်းကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရမှာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ရန် ကတိကဝတ်အလိုရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်မှာ သေးငယ်သော်လည်း တိုးတက်ကြီးထွားလာလျက်ရှိပြီး စျေးကွက်ကို ပြည်တွင်းကားကုမ္ပဏီဖြစ်သည့် Tata ကလွှမ်းမိုးထားပါသည်။၂၀၂၃ခုနှစ်တွင် အိန္ဒိယနိုင်ငံကားရောင်းချမှုစုစုပေါင်း၏ (၂)ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများဖြစ်ပြီး အစိုးရမှာ ၂၀၃၀ပြည့်နှစ်တွင် (၃၀)ရာခိုင်နှုန်းထိတိုးတက်လာရန် ပစ်မှတ်ထားလျက်ရှိပါသည်။ Telsa အိန္ဒိယစျေးကွက်သို့ ဝင်ရောက်လာမှုမှာ ပြည်တွင်းကားပစ္စည်းထုတ်လုပ်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း အကဲခတ်သူများကဆိုကြပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လတွင် Telsa ၏ CEO အီလွန်မတ်စ်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီး ကုမ္ပဏီမှ အိန္ဒိယနိုင်ငံတွင် တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၂၄၀၀၀)တန်ဖိုးရှိသည့် ကားများထုတ်လုပ်မည့်စက်ရုံကို  တည်ဆောက်သွားရန် စိတ်ဝင်စားသည်ဟုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မြန်မာ့သစ်တောထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅.၇ သန်းကျော်ရရှိ

       မြန်မာ့သစ်တောထွက်ကုန်များ တင်ပို့မှုမှာ ဧပြီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လ ၂၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၅.၇ သန်းရှိပြီး အစိုးရကဏ္ဍမှ ၀.၇၇ သန်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၆၄.၉ သန်းကျော်ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

       ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီမှမတ်လအထိ)တွင် မြန်မာနိုင်ငံ၏ သစ်တော ထွက်ကုန်ပစ္စည်းတင်ပို့မှုပမာဏမှာ  အမေရိကန်ဒေါ်လာ ၁၃၉.၃၅ သန်းဖြစ်သည်။ မြန်မာ နိုင်ငံသည် ပို့ကုန်မြှင့်တင်ရန်အတွက်အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး (NES)၏ဦးစားပေးကဏ္ဍများမှာ စိုက်ပျိုးရေး ထုတ်လုပ်မှု၊ အထည်ချုပ်နှင့် အဝတ်အထည်စက်မှုနှင့် အီလက်ထရောနစ်စက်ကိရိယာ၊  ရေထွက်ကုန်လုပ်ငန်း၊ သစ်တောထွက်ကုန်ပစ္စည်း၊ ဒစ်ဂျစ်တယ်ထုတ်လုပ်ရေးနှင့်ဝန်ဆောင် မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုကဏ္ဍများ စသည်တို့လည်း ပါဝင်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လွန်ခဲ့သည့် ၁၁ လကာလအတွင်း မြန်မာပို့ကုန်များ တင်ပို့ ရောင်းချခြင်းမှ ကန်‌ဒေါ်လာ ၁၄.၃ ဘီလီယံ အထိ ရရှိခဲ့သည်ဟု ဆိုသည်။

DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံ၏ Vinfast ကုမ္ပဏီထိုင်းနိုင်ငံလျှပ်စစ်ကား စျေးကွက်ကို အာရုံကျနေ

      ဗီယက်နမ်နိုင်ငံ လျှပ်စစ်ကားကုမ္ပဏီ Vinfast သည် ၄င်းတို့၏ လျှပ်စစ်ကားများကို ဆရုတ်ကားကုမ္ပဏီနှင့် အရှေ့တောင်အာရှစျေးကွက်တွင် ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်မှ အကျိုးကျေးဇူးရရှိရန် ရည်မှန်းထားပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားတပ်ဆင်ထားသည့် စက်ရုံတည်ဆောက်တင်ပို့သွားမည်ဖြစ်ကြောင်း Vinfast (thailand) ၏အလုပ်အဆောင်အဖွဲ့ အကြီးအကဲ Vu Dang Yen Hang က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်ကားစျေးကွက် လျှင်မြန်စွာကြီးထွားလာမှုနှင့် ထိုင်းအစိုးရ ထိုင်းနိုင်ငံကို အဓိကဦးစားပေးထားကြောင်း MsHongက ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည်လည်း နိုင်ငံ၏ လျှပ်စစ်ကားကဏ္ဍကြီးကို အားပေးကူညီလျက်ရှိသည့်အတွက် ထိုင်းနိုင်ငံကို အဓိကဦးစားပေးထားကြောင်း MsHongက ပြောကြားခဲ့ပါသည်။ Vinfastသည် အာဆီယံဒေသတွင် လျှပ်စစ်ကားများ ပိုမိုရောင်းချရန် အာရုံစိုက်လျက်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်ကြောင့် အခွန်ကင်းလွတ်ခွင့်များရှိမည်ဖြစ်‌သောကြောင့်ဖြစ်သည်။ Vinfastကုမ္ပဏီကို ၂၀၁၇ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် လျှပ်စစ်ကားများကို စတင်ထုတ်လုပ်ခဲ့ပါသည်။ ကုမ္ပဏီသည် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့တွင် လျှပ်စစ်ကားစက်ရုံများ တည်ဆောက်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံသစ်တည်ဆောက်ရန် စီစဥ်လျက်ရှိသည်။ Vinfastသည် ယခုနှစ်တွင် နိုင်ငံပေါင်း၅၀သို့ လျှပ်စစ်ကားများ တင်ပို့ရန်ရည်မှန်းထားပြီး ထိုင်းနိုင်ငံတွင် ကားအရောင်းပြခန်း၂၂ခုဖွင့်လှစ်ထားကြောင်း သိရပါသည်။

  Source :  Bangkok Post

DOCA(ရန်ကုန်)

 

ပြည်ပမှ ပဲစင်းငုံ တင်သွင်းလျက်ရှိသော်လည်း အိန္ဒိယပြည်တွင်း၌ ဈေးနှုန်းဆက်လက်မြင့်မားနေ

      အိန္ဒိယနိုင်ငံတွင် စားသုံးမှုအများဆုံး ပဲတစ်မျိုးဖြစ်သည့် ပဲစင်းငုံသည်  ၁ ကီလိုဂရမ်လျှင် ၁၅၀ ရူပီးနှုန်းဖြင့် ပဲမျိုးစုံလက်လီဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနေသော်လည်း ကောင်းမွန်စွာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး လာမည့် မုတ်သုံရာသီအခြေအနေ ခန့်မှန်းချက်ကို ရှင်းလင်းစွာ သိရှိနိုင်မည့်  ဇွန်-ဇူလိုင် လများအထိ ဈေးအမြင့်တန်းတွင် ဆက်လက် တည်ရှိနေမည် ဟု ကုန်သည်များကပြောဆိုကြောင်း Indian Express သတင်းဌာနက ဖော်ပြပါသည်။

     လွတ်လပ်စွာတင်သွင်းခွင့် အစီအစဉ် (Open General License- OGL) အောက်တွင် ဖြင့် ပဲစင်းငုံအား လွတ်လပ်စွာ တင်သွင်းခြင်းကို အိန္ဒိယအစိုးရက ခွင့်ပြုပေးထားသော်လည်း ဈေးနှုန်း မြင့်တက်လာခဲ့သည်။ ယခင်နှစ်ကာလများ၌ ပဲတင်သွင်းမှုကို ခွဲတမ်းစနစ် (Quota) ဖြင့် ခွင့်ပြု ခဲ့သော်လည်း သီးနှံအထွက် လျော့ကျနိုင်မည့်  ခန့်မှန်းချက်များအရ ဈေးနှုန်းများ တည်ငြိမ်စေရန် ရည်ရွယ်လျက် OGL လိုင်စင်ဖြင့် ပမာဏ ကန့်သတ်ချက်မရှိပဲ တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။ သို့ရာတွင် ဤအစီအစဉ်မှာ ပဲစင်းငုံဈေးနှုန်းများကို ကျဆင်းစေခြင်းမရှိသည့်အပြင် လက်ကား ဈေးကွက်၌ ပဲနီလေး ဈေးနှုန်းပါ မြင့်တက်လျက်ရှိသည်။

     လက်ရှိကာလတွင် အိန္ဒိယနိုင်ငံအတွင်း အကြီးဆုံးမားဆုံး ပဲစင်းငုံ လက်ကားဈေးကွက် ဖြစ်သော မဟာရဋ္ဌပြည်နယ် Latur မြို့၌ ပဲစင်းငုံဈေးနှုန်းမှာ ၁ ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၁၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ် ကောင်းစွာ ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများ ဆက်လက် မြင့်မားမှုကို ဖြစ်ပေါ်စေသည့် ကုန်လက်ကျန်နည်းပါးမှုအပေါ် ကုန်သည်များက ဝေဖန်ပြောဆို လျက်ရှိသည်။ တောင်သူ အများစုသည် ပဲလက်ကျန်များကို ၎င်းတို့လက်ဝယ်၌ ထိန်းသိမ်းထားပြီး ဈေးနှုန်းမြင့်တက်လာမည့် အခြေအနေကို စောင့်ဆိုင်းလျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြော ကြားခဲ့သည်။

     အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမား လူမှုဖူလုံရေးဦးစီးဌာနက ပဲစင်းငုံ တန်ချိန် ၄၃ သိန်း စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်မှန်းထားသော်လည်း တန်ချိန် ၃၄.၂၁ သိန်းသာ ထွက်ရှိနိုင် ကြောင်း၊ သီးနှံများတွင် အစိုဓာတ်မြင့်မားမှုနှင့် မှိုကျရောက်မှုများကြောင့် တစ်ဧကအထွက်နှုန်းမှာ သိသာစွာ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

      တစ်နိုင်ငံလုံး ပဲစင်းငုံ စားသုံးမှုမှာ တန်ချိန် ၄၄ သိန်းမှ ၄၅ သိန်းအထိ ရှိသဖြင့် လိုအပ်ချက် ကို ပြည်ဆည်းနိုင်ရန် ပြည်ပမှတင်သွင်းနေရပြီး အစိုးရအနေဖြင့် တောင်သူများအပေါ် ထိခိုက် နစ်နာမှုမရှိစေရေးကို ရှေ့ရှုလျက် ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပမှတင်သွင်းမှုတို့ကို ဟန်ချက် ညီမျှမှုရှိစေရန် သတိပြု ဆောင်ရွက်နေရသည်။ ရာမဇန်ဥပုသ်ကာလ ကျရောက်လျက်ရှိမှုနှင့်အတူ ဟိန္ဒူနှစ်သစ်ကူးပွဲတော် (Gudi Padva) ကာလသည်လည်း မကြာမီရောက်ရှိတော့မည်ဖြစ်ရာ ပဲမျိုးစုံဝယ်လိုအားမှာ မြင့်မားလျက်ရှိသည်။

      ပဲစင်းငုံကို အာဖရိကနှင့် မြန်မာနိုင်ငံမှ တင်သွင်းမှုများစွာ ရှိသော်လည်း ဈေးနှုန်းများ  မြင့်မားနေဖွယ်ရှိကြောင်း၊ တင်သွင်းမှုလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း လမ်းခုလတ် ကုန်စည်များ အပြည့်အဝဝင်ရောက်ရန် အချိန်ကြာမြင့်မှုရှိကြောင်း၊ လာမည့် မုတ်သုံ ရာသီ၏ အခြေအနေကို ရှင်းလင်းသေချာစွာ သိရှိနိုင်မည့် အချိန်တိုင်အောင် လက်ရှိအမြင့်ဈေးမှာ ဆက်လက်ဖြစ်ပေါ်မည်ဟု ယူဆရကြောင်း၊  ခြုံငုံသုံးသပ်ရပါက ပဲစင်းငုံဈေးမှာ လအတန်ကြာ ဆက်လက်မြင့်မားလျက်  ဇွန်လနောက်ပိုင်းမှသာ ဈေးနှုန်းတည်ငြိမ်လာမည်ဟု ဆိုနိုင်ကြောင်း ကုန်သည်များက ပြောဆိုခဲ့ကြသည်။

Source: Indian Express, 31 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကြက်သွန်နီအား တရုတ်နိုင်ငံထံမှ ပြောင်းလဲတင်သွင်းမည်ဟု သီရိလင်္ကာဝန်ကြီး ပြောဆို

    အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ကြက်သွန်နီတင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခဲ့ရာ သီရိလင်္ကာနိုင်ငံအနေဖြင့် ကြက်သွန်နီကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီး Mr. Nalin Fernando က ပြောကြားခဲ့ကြောင်း Economy Next သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

     သီရိလင်္ကာနိုင်ငံအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတို့၌ ကြက်သွန်နီအကြီး အမျိုး အစား ပြတ်လပ်မှုဖြစ်ပေါ်နေသည့်အတွက် တရုတ်နိုင်ငံထံမှ ဝယ်ယူတင်သွင်းရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကြက်သွန်နီ ဥလုံး ကြီးများအစား နှင်းဆီကြက်သွန်နီ အမျိုးအစားများကို တင်သွင်းမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ သွင်းကုန်ပမာဏသည် ယခင်ကထက် လျော့နည်းကြောင်း၊ သွင်းကုန်ခွန် အကာအကွယ်ပေးရေး အစီအစဉ်အရ ပြည်တွင်း၌ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်လာပြီး ပြည်တွင်းထွက်ရှိမှုမှာ ရာသီ အလိုက်သာ သီးနှံထွက်ပေါ်သည့်အတွက် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းရကြောင်း ကုန်သွယ်ရေးဝန်ကြီးက ဆက်လက်ပြောဆိုပါသည်။

     သီရိလင်္ကာနိုင်ငံ၌ ၂၀၂၃ ခုနှစ် ယာလသီးနှံရာသီ (မေလမှ ဩဂုတ်လထိ) တွင် ကြက်သွန်နီ စိုက်ဧရိယာ ၃၅၀၀ ဟက်တာ စိုက်ပျိုးခဲ့သော်လည်း ရိတ်သိမ်းချိန်မတိုင်မီ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုပွဲတော်များမတိုင်မီ ပြည်တွင်း ကြက်သွန်နီ ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း၊ သို့ သော် ၂၀၂၄ ခုနှစ် ယာလရာသီတွင် စိုက်ပျိုးရန် ကြက်သွန်နီဥကြီး ၇၅၀၀၀ ကီလိုဂရမ်ကို စိစစ် ထားရှိကြောင်း သီရိလင်္ကာ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါသည်။

     သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် Julie Chung နှင့်တွေ့ဆုံရာတွင် သီရိလင်္ကာ ကုန်သွယ်ရေး ဝန်ကြီး Mr. Nalin Fernando က သီရိလင်္ကာတွင် သီးနှံအထွက်နှုန်းတိုးမြင့်လာရေး နှင့် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့အတွက် နည်းပညာသစ် အကူ အညီများ လိုအပ်လျက်ရှိသည်ကို  ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: Economy Next, 28 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကြက်သွန်နီသွင်းကုန်အပေါ် အခွန်ကောက်ခံမှု သီရိလင်္ကာအစိုးရ လျှော့ချ

     အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီတင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံသည် ပြည်တွင်းလုပ်ငန်းများ အကာအကွယ်ပေးမှုအခွန်အဖြစ် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှု အပေါ် တစ်ကီလိုဂရမ်လျှင် ရူပီး ၈၀ နှုန်းဖြင့် စည်းကြပ်ကောက်ခံခြင်းကို ၁၀ ရူပီးနှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။

      အိန္ဒိယက ကြက်သွန်နီတင်ပို့မှုတားမြစ်ပြီးနောက် သီရိလင်္ကာ ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီ ဥလုံးကြီးများ၏ ဈေးနှုန်းများ ကြီးမြင့်မှု ဖြစ်ပေါ်လာခဲ့ကြောင်း၊ သီရိလင်္ကာအစိုးရ၏ သွင်းကုန်အခွန် စည်းကြပ်မှုလျှော့ချခြင်းက ပြည်တွင်းရှိ ကြက်သွန်နီစိုက် တောင်သူများ၏ အကျိုး အမြတ်ကို လျော့ကျစေလိမ့်မည် မဟုတ်ကြောင်း၊ သွင်းကုန်အခွန်လျှော့ချသတ်မှတ်သည့် အစိုးရ ပြန်တမ်းအမိန့်အား အထူးကုန်စည်ခွန်အက်ဥပဒေအရ ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် နှင်းဆီကြက်သွန်နီသည် ပြည်ပမှ တင်သွင်းစားသုံးသည့် ကြက်သွန်နီကြီးနှင့်ဆင်တူသည့် အမျိုးအစားဖြစ်ကြောင်းဖြင့် သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီး Ranjith Siyambalapitiya က ပြောကြားခဲ့ပါသည်။

Source: Economy Next, 28 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်ဈေးနှုန်းများကို ပုံသေသတ်မှတ်မည်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် သီးနှံရာသီအလိုက် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် မူတည်၍ ဆန်အမျိုးအစားအလိုက် စျေးနှုန်းများသတ်မှတ်ခြင်းကို ဘင်္ဂါလီပြက္ခဒိန်အရ နှစ်သစ်ကူး ကာလဖြစ်သော ယခုနှစ် ဧပြီလ ၁၄ ရက်နေ့မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

    ဆန်စက်လုပ်ငန်းအဆင့်၊ လက်ကားရောင်းဝယ်မှုအဆင့်နှင့် လက်လီရောင်းချမှုအဆင့်များ အပါအဝင် ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဆန်ဈေးနှုန်းများ သတ်မှတ်ရေးမူဘောင်တစ်ခုကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊  ဈေးနှုန်းများနှင့် စပ်လျဉ်း၍ အပြီးသတ်ဆုံးဖြတ်မည့်  အစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပပြီးချိန်တွင် စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဝန်ကြီးဌာနများက အသိပေးထုတ်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ahsanul Islam Titu က ပြောကြားခဲ့ပါသည်။

   အတွင်းဝန်ရုံးတွင် ပြုလုပ်သည့် နေ့စဉ် မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ၏ စျေးနှုန်းနှင့် ဈေးကွက်အခြေအနေဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီး Titu က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း United News of Bangladesh (UNB) သတင်းဌာနက ဖော်ပြသည်။

      အစိုးရသည် နေ့စဉ်လိုအပ်သော အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သင့်တင့်သော အဆင့်တွင် ထိန်းသိမ်းထားနိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍတွင် စိန်ခေါ်မှုများ ရှိနေသော်လည်း ရာမာဒန် ဥပုသ်ကာလကုန်ဆုံးချိန်တိုင်အောင် ဈေးနှုန်းများကို ထိန်းထားနိုင်လိမ့် မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်တွင် ၂၅% မြင့်တက်ခဲ့သော်လည်း ပြည်တွင်းဈေးကွက်၌ မြင့်တက်မှုမှာ ၄% ထက် မပိုကြောင်း ဝန်ကြီး Titu က ပြောကြားခဲ့သည်။

Source: The Financial Express, 31 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အီတလီသို့ ထိုင်းဆန်များ တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများရှိ

     အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုကို တားမြစ်ကန့်သတ်ထားချိန်၌ အခြားသော ဆန်တင်ပို့သည့် နိုင်ငံနှစ်ခုသည် အခွန်ဆိုင်ရာ အထူးအခွင့်အရေးများကို ဆုံးရှုံးခဲ့ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့် အီတလီဈေးကွက်သို့ စံပယ်ဆန်များ ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။

     ဝန်ကြီး Phumtham က ပို့ကုန်မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန် ထိုင်းသံရုံး များရှိ ကုန်သွယ်ရေးကိုယ်စားလှယ်များသို့ မကြာသေးမီက ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ရောမမြို့ရှိ ထိုင်းသံရုံး၏ ပြောကြားချက်အရ မိုးခေါင်မှုကြောင့် အီတလီနိုင်ငံတွင် ဆန်ပိုမိုလိုအပ် နိုင်မည်ဟု သိရှိရကြောင်း ၁-၁-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

     အခြေခံ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်ခြင်းကြောင့် ဥရောပ သမဂ္ဂသည် ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံအပေါ် ပေးအပ်ထားသော အခွန်ဆိုင်ရာသက်သာမှု အခွင့်အရေးများကို ရုတ်သိမ်းခဲ့ကြောင်း၊ သို့သော် ဥရောပသမဂ္ဂသည် အဆိုပါ နှစ်နိုင်ငံအတွက် အခွန်ဆိုင်ရာ အထူးအခွင့်အရေးများကို လာမည့်နှစ်၌ သက်တမ်းတိုးပေးမည်ဟု မျှော်လင့်ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ယင်းအခွင့်အရေးကို အများဆုံး အသုံးချနိုင်မည်ဖြစ်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

     Global Trade Atlas ၏ အချက်အလက်များအရ အီတလီနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၃.၂၉ သန်းရှိသော  ဆန်များကို တင်သွင်းခဲ့ပြီး ၎င်းပမာဏ အနက် ထိုင်းနိုင်ငံထံမှ ဝယ်ယူတင်သွင်းခဲ့သောဆန်များ၏  တန်ဖိုးမှာ ဒေါ်လာ ၂၃.၆၂ သန်း ပါဝင်ခဲ့ သည်။ ထိုကဲ့သို့ အီတလီ၏ ထိုင်းဆန်များ တင်သွင်းမှုတွင် စံပယ်ဆန်မွှေးတန်ဖိုးမှာ ဒေါ်လာ ၂၀.၂၂ သန်း ရှိကြောင်း သိရပါသည်။

      ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၌ အီတလီသို့ ထိုင်းဆန်တင်ပို့မှုမှာ ၁၆.၀၁% မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၁၃.၆၃ သန်းရှိသော ပါကစ္စတန်နိုင်ငံနှင့် ဒေါ်လာ ၄၀.၇၆ သန်း တန်ဖိုးရှိသော ဆန်များတင်ပို့ထားသည့် အိန္ဒိယနိုင်ငံတို့၏ နောက်တွင် အီတလီ၏ တတိယမြောက် ဆန်အများဆုံး ဝယ်ယူတင်သွင်းရာ နိုင်ငံဖြစ်လာခဲ့သည်။

Source: The Nation Thailand, 1 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ