Main menu

တောင်ငူမြို့ရှိ ဆန်စက်များတွင် စပါးများနေ့စဉ်ဝင်ရောက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ခေတ်မီဆန်စက်၊ ဟာလာဆန်စက် စုစုပေါင်း ၄၅ စက်ရှိပါသည်။ စပါးအခြောက်ခံစက်တပ်ဆင်ထားသောစက်မှာ ၅ စက်ခန့်ရှိပါသည်။ ယခုအခါ စပါးရိတ်သိမ်းနေသည့်ကာလဖြစ်သဖြင့် ဆန်စက်များသို့ စပါးများ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တောင်ငူမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၈၀၃၄ ရှိပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ၃၄၈၈၄ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။

           တောင်သူလယ်သမားကြီးများသည် ရိတ်သိမ်းခြွေလှေ့ပြီးသောစပါးများကို သက်ဆိုင်ရာ ရင်းနှီးခင်မင်မှု၊ ယုံကြည်စိတ်ချရမှုရှိသော ဆန်စက်ပိုင်ရှင်ကြီးများထံတွင် စပါးများကို အိတ်ထဲထည့်၍ အပ်နှံထားကြပါသည်။ ဆန်စက်ပိုင်ရှင်များမှ စပါးများကို သိုလှောင်ခမယူဘဲ ဂိုဒေါင်ထဲထည့်၍ အပ်နှံသူ တောင်သူလယ်သမား၏အမည်တပ်၍ ပိုင်ပုံထပ်ပေးထားပါသည်။ စပါးဈေးတက်လာသည့်အခါ အပ်နှံထားသည့်စပါးများကို နေရာပေးသိုလှောင်ပေးထားသည့်ဆန်စက်ပိုင်ရှင်များကို ရောင်းချကြပါသည်။ တချို့တောင်သူလယ်သမားများမှာ အပ်နှံထားသောစပါးများကို ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများအား ပြန်လည်ရောင်းချပေးပါသည်။ စပါးသိုလှောင်ရန် နေရာပေးထားသည့် ဆန်စက်ပိုင်ရှင်အား သူ့အကျိုး၊ ကိုယ့်အကျိုး အပြန်အလှန်ကြည့်ကြခြင်း ဖြစ်ပါသည်။ ဆန်စက်ပိုင်ရှင်ကြီးများသည် မိမိတို့ငွေအားရှိသလောက် စပါးများဝယ်ယူအခြောက်ခံ၍ သိုလှောင်ထားကြပါသည်။

          တောင်ငူမြို့နယ် ဆိပ်ဖူးတောင်ကျေးရွာအုပ်စု လေးမိုင်ရှိ စိန်သရဖူဆန်စက်သို့ သွားရောက်လေ့လာရာတွင် ၎င်းဆန်စက်သို့ တစ်နေ့လျှင် စပါး ၂၅၀၀ တင်းမှ ၃၀၀၀ တင်းအထိ လာရောက်ရောင်းချကြောင်း၊ စပါးတင်း ၁၀၀ ကို ၁၁၅၀၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူကြောင်း၊ အစိုဓါတ် ၁၆% မှ ၁၉% အထိရှိသောစပါးများကို တစ်တင်းလျှင် ၁၃.၅ ပိဿာ (၄၈.၆ ပေါင်)ဖြင့် ချိန်တွယ်ဝယ်ယူကြောင်း၊ ဆန်သစ်ဈေးမှာ ဗျော့ထွန်းတစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲကြီးတစ်အိတ် ၃၇၀၀၀ ကျပ်၊ ဆန်ကွဲသေးတစ်အိတ် ၃၄၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ် ၁၉၅၀၀ ကျပ်ရှိကြောင်း၊ ယခုနှစ် စပါးအထွက်ကောင်းသည့်အတွက် စက်ရုံသို့စပါးများ ပိုမိုဝင်ရောက်ကြောင်း၊ ကြိတ်ခွဲပြီးသောဆန်များကို တောင်ငူမြို့နှင့် ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချရကြောင်း ဆန်စက်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)