ဘရာဇီးမှ မတ်ပဲများ တင်သွင်းနိုင်ရန် အိန္ဒိယအစိုးရက လေ့လာလျက်ရှိ

Powered by Drupal

ပြည်တွင်း၌ ရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန်နှင့် ဈေးနှုန်းများအား ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဘရာဇီးနိုင်ငံထံမှ မတ်ပဲများ ဝယ်ယူတင်သွင်းနိုင်မည့်အခြေအနေကို ကြိုတင်ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား ကွာဟချက်အပေါ်မူတည်၍ နှစ်စဉ်မတ်ပဲတန်ချိန် ၇ သိန်းမှ ၇.၅ သိန်းခန့်ကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရကြောင်း၊ ၎င်းပမာဏ၏ ၇၄% ခန့်မှာ မြန်မာနိုင်ငံထံမှ ရယူတင်သွင်းခြင်းဖြစ်ကြောင်း၊ ယခု ပြက္ခဒိန်နှစ်အတွင်း မြန်မာနိုင်ငံမှ မတ်ပဲဝယ်ယူတင်သွင်းမှုမှာ တန်ချိန် ၂ သိန်းခန့်ရှိကြောင်း၊ ဘရာဇီးနိုင်ငံသည် မတ်ပဲ စိုက်ပျိုးထုတ်လုပ်ရန် သင့်လျော်သည့် ရေမြေရာသီဥတုရှိသဖြင့် အိန္ဒိယအစိုးရသည် ဘရာဇီးမှ မတ်ပဲများ တင်သွင်းနိုင်ရန် အလေးအနက်ထားပြီး လေ့လာလျက်ရှိကြောင်း၊ လတ်တလောကာလ၌ ကြိုတင်ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနမှ  အတွင်းဝန် Mr. Rohit Kumar Singh က ၂၃-၅-၂၀၂၃ နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မတ်ပဲဝယ်ယူတင်သွင်းမှု အရင်းအမြစ်အဖြစ် မြန်မာနိုင်ငံအပေါ် မှီခိုနေရမှုကို လျော့ချပြီး အခြားသောနေရာဒေသများမှ ရရှိနိုင်ရန် လေ့လာဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်နှစ်၌ မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၂.၇၇ သန်းရှိရာမှ ၂၀၂၂-၂၃ ခုနှစ် (ဇူလိုင်-ဇွန်) သီးနှံရာသီတွင် မတ်ပဲတန်ချိန် ၂.၆၈ သန်းသာ ထွက်ရှိနိုင်မည်ဟု အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး ဌာနက ခန့်မှန်းထားကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါ သည်။

Source: Economic Times, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)