ပင်ရင်းနိုင်ငံစည်းမျဉ်း ဥပဒေမူကြမ်းကို ကမ္ဘောဒီးယားအစိုးရက အတည်ပြု

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၌ ကုန်သွယ်မှုလုပ်ငန်းများ မြန်ဆန်လွယ်ကူစေရေးနှင့် တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်လျက် ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin) ဥပဒေမူကြမ်းကို အစိုးရအဖွဲ့၏ မေလ ၁၉ ရက်နေ့ အပတ်စဉ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

အစိုးရပြောရေးဆိုခွင့်အဖွဲ့၏ အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Mr. Phay Siphan က အဆိုပါဥပဒေမူကြမ်းသည် ပို့ကုန်သွင်းကုန်များ၏ ပင်ရင်းဒေသနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေသည် ကုန်သွယ်ရေး ဦးစားပေးအစီအစဉ်များနှင့် ဦးစားပေးမဟုတ်သော ကုန်သွယ်မှု အလေ့အထများမှ အကျိုး ခံစားခွင့်ရရှိစေမည်ဖြစ်ကြောင်း၊ ကုန်စည်များ၏ ပင်ရင်းဒေသအား အတုအပပြုလုပ်ခြင်းကို ကာကွယ်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပင်ရင်းနိုင်ငံစည်းမျဉ်း ဥပဒေပြဌာန်းခြင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏မူဘောင်ပါ ကတိကဝတ်များကို ဖြည့်စွမ်းနိုင်မည်ဖြစ်ပြီး အကောက်ခွန်သက်သာခွင့်ပေးသည့် တင်သွင်းသူနိုင်ငံများသို့ ကမ္ဘောဒီးယား၏ ကုန်စည်တင်ပို့မှုများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုပြုရာတွင် တိုးမြင့်လွယ်ကူစေမည်ဖြစ်သည်။

ကုန်သည်များနှင့် တင်ပို့သူများအနေဖြင့် မိမိတို့၏ပို့ကုန်များအတွက် သက်ဆိုင်ရာစီရင်စုအလိုက် ဖွင့်လှစ်ထားသော ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ အင်တာနက်ဝဘ်ဆိုက်မှတစ်ဆင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို လျှောက်ထားရယူနိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အနေ ဖြင့် ၂၀၂၂ ခုနှစ်တွင် လယ်ယာထွက်ကုန် တန်ချိန် ၈.၆ သန်းအား နိုင်ငံတကာဈေးကွက် ၇၄ ခုသို့ တင်ပို့ခဲ့ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

Source: Khmer Times, 22 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)