ပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပြတ်လပ်မှုမှ ရှောင်ကြဉ်နိုင်ရန်အတွက် ပြည်ပသို့ နေကြာဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန် သတ်မှတ်ထားရှိခြင်းအား သက်တမ်း ၁ နှစ် တိုးမြှင့်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့ တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ကမ္ဘာ့ နေကြာဆီထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ် ကြပြီး အိန္ဒိယကဲ့သို့သော အဓိကဝယ်လက်နိုင်ငံများသို့ နှစ်စဉ်နေကြာဆီ တန်ချိန်သန်းပေါင်းများစွာကို တင်ပို့လျက်ရှိသည်။ ကနဦးအစပိုင်း၌ ပြည်တွင်း ဈေးနှုန်းများအပေါ် ဖိအားဖြစ်ပေါ်မှုမှ သက်သာစေရေးအတွက် ရုရှားနိုင်ငံသည် ပြီးခဲ့သည့်မတ်လတွင် ကိုတာခွဲတမ်းစနစ်ဖြင့် နေကြာဆီတင်ပို့မှုအား ခွင့်ပြုသောစနစ်ကို ချမှတ်ကျင့်သုံးခဲ့ပြီး နောက်ပိုင်းတွင် ပို့ကုန်အခွန်ကောက်ခံသည့် စနစ်သို့ ပြောင်းလဲခဲ့သည်။ အဆိုပါအခွန်နှုန်းထားမှာ ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း လအလိုက်ပြောင်းလဲမှုရှိသည်။ ယခုအခါ နေကြာဆီတင်ပို့မှုအပေါ် ပို့ကုန် အခွန်ကောက်ခံခြင်းကို ၁ နှစ်တိုးမြှင့်လျက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံအနေဖြင့် လက်ရှိကာလတွင်နေကြာစေ့တင်ပို့မှုအပေါ် ၁တန်လျှင် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ဒေါ်လာ၃၂၀ သတ်မှတ်လျက် ပို့ကုန်အခွန်ကောက်ခံမှုနှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် နေကြာဆီကြိတ်ဖတ်တင်ပို့မှုအပေါ် အခွန် ကောက်ခံမှုတို့ကိုလည်း ဆက်လက်ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလားတူ ပြည်ပသို့ ဆီမုံညင်းစေ့တင်ပို့မှုအား တားမြစ်ပိတ်ပင်ခြင်းကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ဆက်လက်ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: Business Recorder, 26 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)