အရည်အသွေးမီ ရာဘာတင်ပို့မှုအတွက် လာအိုနှင့် ဗီယက်နမ်တို့ ပူးပေါင်း

Powered by Drupal

ဗီယက်နမ်နိုင်ငံ ရာဘာအသင်း ဥက္ကဋ္ဌ Trần Ngọc Thuận နှင့် လာအို ရာဘာအသင်း ဥက္ကဋ္ဌ Bounthong Buahom တို့သည် နှစ်နိုင်ငံအတွင်း ရာဘာလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါအဖွဲ့အစည်းနှစ်ခုသည် ရာဘာနှင့်စပ်လျဉ်းသော အတွေ့အကြုံများကို ဖလှယ်ခြင်း၊ လာအိုနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေသော ဗီယက်နမ်ရာဘာကုမ္ပဏီများသို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အသိမှတ်ပြုလက်မှတ်များ ရရှိစေရေး ကူညီပံ့ပိုးခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့်  လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ လာအို ရာဘာအသင်းအနေဖြင့် ဗီယက်နမ်နှင့် အခြားနိုင်ငံများ၏ သတ်မှတ်ချက်များနှင့်အညီ ရာဘာတင်ပို့မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရေး ရာဘာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ ကူညီခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံအတွက် ရာဘာသည် အဓိက နိုင်ငံခြားဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် တွင် ရာဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ရရှိစေခဲ့ကြောင်း၊ လာအိုနိုင်ငံအတွင်း ရာဘာစိုက်ပျိုးမှုဧရိယာ ဟက်တာ ၃ သိန်းခန့်ရှိရာ ၄၆% မှာ လုပ်ပိုင်ခွင့်ပေးအပ်ခြင်းဆိုင်ရာ သဘောတူညီချက် (Concession Agreement) များအရ နိုင်ငံခြားကုမ္ပဏီများက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၄% မှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ (Cooperation Agreement) ဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြပြီး ကျန် ၃၀%မှာ ဒေသခံပြည်သူများ၏ စိုက်ပျိုးမှုများဖြစ်ကြောင်း၊ လာအိုနိုင်ငံအတွင်းရှိ ရာဘာအပင်စုစု‌ပေါင်း၏ ၈၅ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ် နိုင်ပြီဖြစ်ကြောင်း၊ အဓိက ရာဘာပို့ကုန်ဈေးကွက်မှာ တရုတ်နှင့် ဗီယက်နမ် တို့ဖြစ်ကြောင်း သိရှိရသည်။

လာအိုသတင်းမီဒီယာများ၏ ဖော်ပြချက်အရ နိုင်ငံအတွင်းထုတ်လုပ်သော ရာဘာအားလုံးကို ကုန်ကြမ်းအနေဖြင့်သာ တင်ပို့နိုင်ကြောင်း၊ ကုန်ချောအဖြစ်ဆောင်ရွက်နိုင်သည့် စက်ရုံများမရှိကြောင်း၊ ရာဘာအရည်အသွေးကို စစ်ဆေးခြင်း၊ အသိအမှတ် ပြုခြင်းတို့အတွက် ဓာတ်ခွဲခန်းများ မရှိသေးသဖြင့် ရာဘာ၏ အရည်အသွေးအတွက် တိကျသောစံချိန်စံညွှန်းများကို အသုံးပြုခြင်းမရှိကြောင်း၊ ထို့အပြင် ရာဘာသည် လာအိုနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကာလ ၂၀၁၆-၂၀၂၁ နှင့် မျှော်မှန်းချက်ကာလ ၂၀၂၅-၂၀၃၀ တို့တွင် ထည့်သွင်းရေးဆွဲထားသည့် အဓိကစီမံကိန်း ၄ ခု အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

Source: Vietnam News, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)