ရုရှား၏ ရေနံလျှော့ချထုတ်လုပ်မှုက အိန္ဒိယရေနံသန့်စင်သူများအား ဥရောပသို့ ဒီဇယ်တင်ပို့ရန် အခွင့်အလမ်းရရှိစေခဲ့

Powered by Drupal

ရုရှားနိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု လျှော့ချမှုနှင့်အတူ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများမှ ရေနံ ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိန္ဒိယနိုင်ငံမှရေနံသန့်စင်သူများအတွက် ဒီဇယ်တင်ပို့မှု အခွင့်အလမ်းကို လမ်းပွင့်စေခဲ့ပါသည်။ ရုရှားနိုင်ငံတွင် ဒီဇယ်အတွက် ပြည်တွင်းဝယ်လိုအားကို ကာမိစေရန်နှင့် ကမ္ဘာ့ဒီဇယ်ဈေးနှုန်းများကို ကျားကန်ပေးနိုင်ရန်တို့အတွက် ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံတင်ပို့မှု အထူးသဖြင့် ရောင်းအားအများဆုံးဖြစ်သည့် အလယ်အလတ်တန်းစား Ural blend ရေနံတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း ကုန်သွယ်မှုအရင်းအမြစ်များမှ သိရှိရပါသည်။

၂ဝ၂၃ ခုနှစ် ဧပြီလမှ မေလအတွင်း အိန္ဒိယနိုင်ငံမှ ဥရောပသမဂ္ဂနိုင်ငံများသို့ မော်တော်ယာဉ်သုံး ဒီဇယ်ဆီများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖိုးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူတွင် တင်ပို့ခဲ့သောတန်ဖိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၆ဝ သန်းထက် ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံမှ ဥရောပနိုင်ငံများသို့ ဒီဇယ်တင်ပို့မှုမှာ တန်ချိန်အားဖြင့် ၂ဝ၂၃ ခုနှစ် မတ်လတွင် ၂.၅ တန်ရှိခဲ့ရာမှ ဧပြီလ၌ ၁.၉၁ တန်သို့လည်းကောင်း၊ မေလ တွင် ၂.၄ တန် သို့ လည်း ကောင်း လျော့နည်းကျဆင်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ သန့်စင်ပြီး ရေနံထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ၂ဝ၂၃ ခုနှစ် မတ်လအတွင်း မက်ထရစ်တန်ချိန် ၆ သန်း တင်ပို့နိုင်ခဲ့ရာမှ ဧပြီလတွင် တန်ချိန် ၄.၃၇ တန်သို့ လျော့နည်းကျဆင်းခဲ့ပြီး မေလ အတွင်း တန်ချိန် ၅.၃၁ တန်နှင့် ဇွန်လအတွင်း ၅ တန်သို့ အသီးသီးကျဆင်းခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် အမေရိက၊ ဥရောပ၊ အာဖရိကနှင့်ရုရှားနိုင်ငံတို့သို့ ရေနံတင်ပို့နိုင်သည့် အလားအလာများ အားကောင်းလျက်ရှိပြီး တရုတ်နိုင်ငံမှဝယ်လိုအား ကျဆင်းနေသဖြင့် အဆိုပါနိုင်ငံများသို့ရေနံတင်ပို့မှုမှာ ဆက်လက်တိုးတက်နေမည့် အလားအလာရှိနေကြောင်း တွေ့မြင်ရပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်  ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ထားသည့် အချို့သောရေနံသန့်စင်သူများထက် ရေနံတင်ပို့ရန် ပိုမိုကောင်းမွန်သည့် အလားအလာရှိသော်လည်း ရေနံစိမ်းများကို ကိုယ်ပိုင်ရေနံသန့်စင်စက်များသို့ ထုတ်လုပ်မှုစရိတ်သာ ပေးအပ်၍ ပြန်လည်ရောင်းချလျက်ရှိကြသည့် နိုင်ငံသားရေနံကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလျက် ရှိနေသေးကြောင်း သိရှိရပါသည်။ 

အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်း၏ ဇူလိုင်လရေနံဈေးကွက်အစီရင်ခံစာအရ ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုမှာ ဇွန်လအတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၆ဝဝဝဝဝ စည် လျော့နည်းလျက် တစ်ရက်လျှင် ရေနံစည်တင်ပို့နိုင်မှုပေါင်း ၇.၃ သန်း သို့ ကျဆင်းခဲ့ပြီး ၂ဝ၂၁ ခုနှစ် မတ်လမှစတင်၍ ရေနံတင်ပို့မှု အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ရုရှားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ဩဂုတ်လတွင် ရေနံဈေးနှုန်းကျဆင်းမှုများနှင့် ဝင်ငွေကိုကာမိစေရန် တစ်ရက်လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ ကို လျှော့ချတင်ပို့သွားမည်ဖြစ်သော်လည်း ပြည်တွင်းရေနံဝယ်လိုအား မြင့်တက်နေမှုကြောင့် ရေနံထုတ်လုပ်မှုကို ဆက်လက်တည်ငြိမ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။      

ရုရှားနိုင်ငံသည် ဥရောပနိုင်ငံများ၏ နပ်ဖ်သာ (naphtha)၊ ဓါတ်ဆီနှင့် လောင်စာဆီများ တင်သွင်းမှုဝေစုတွင် ကြီးမားသောဝေစုပါဝင်လျက်ရှိပြီး အမေရိကန်နိုင်ငံ၏ ရေနံစိမ်းဝေစု၌လည်း ပါဝင်လျက်ရှိပါသည်။ အဆိုပါနိုင်ငံများသည် မြောက် အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဈေးကွက်များမှ ရေနံအစားထိုးတင်သွင်းမှုကို လုပ်ဆောင်လျက်ရှိကြပါသည်။ ရုရှားနိုင်ငံသည် ရေနံစိမ်းကို တူရကီ၊ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ်၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့ လျက်ရှိပါသည်။

Source: The Hindu Business Line, 24 July, 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)