အိန္ဒိယနိုင်ငံ၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု တိုးတက်သော်လည်း ပဲမျိုးစုံတွင် လျော့နည်းနေဆဲဖြစ်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီ၌ ၂၈-၇-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာ ဟက်တာပေါင်း ၂၃၇.၅၈ သိန်းရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၂၃၃.၂၅ သိန်း ထက် ၂% တိုးတက်ခဲ့သော်လည်း ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူအောက် ဧရိယာဟက်တာ ၁၂.၃၂ သိန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယမိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ ဩဂုတ်လအတွင်း နိုင်ငံ၏ နေရာ‌‌ဒေသများစွာ၌ ရက်သတ္တနှစ်ပတ်ခန့် မုတ်သုံလေအားနည်းလျက် မိုးရွာသွန်းမှု ပြတ်တောက်ဖွယ်ရှိသော်လည်း နိုင်ငံ၏ အရှေ့ပိုင်းဒေသများမှာ မိုးဆက်လက်ရွာသွန်းဖွယ်ရှိခြင်း၊ အန္တရာပရာဒေ့ရှ်၊ တဲလန် ဂါနာ၊ ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်များသည် ဆည်ရေသောက်ဧရိယာများဖြစ်ခြင်းတို့ကြောင့် စပါးစိုက်ပျိုးမှုမှာ ထိခိုက်မှုမရှိနိုင်ကြောင်း၊ သို့ရာတွင် ပဲမျိုးစုံစိုက်ပျိုးမှုမှာမူ အပူချိန် အခြေအနေအပေါ် မူတည်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဦးစီးဌာန၏ စာရင်းများအရ ၂၈-၇-၂၀၂၃ နေ့အထိ အိန္ဒိယ၏ မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုသည် ဟက်တာ ၉၆.၈၄ သိန်းသာရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၁၀၉.၁၅ သိန်းနှင့် နှိုင်းယှဉ်ပါက ၁၁.၃% ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း၊ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များ၌ မိုးရွာသွန်းမှု နောက်ကျခဲ့ခြင်းကြောင့် ပဲစင်းငုံ ဟက်တာ ၃၁.၅၁ သိန်းသာ စိုက်ပျိုးထားနိုင်ပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးပြီးစီးမှု ဟက်တာ ၃၇.၅၀ သိန်းနှင့် နှိုင်းယှဉ်လျှင် ၁၆% ကျဆင်းလျက် လျော့နည်းမှု အများဆုံးဖြစ်ကြောင်း၊ အထူးသဖြင့် ကာနာတကာပြည်နယ်၌ ဇူလိုင်လလယ်အထိ မိုး‌ရေချိန် လျော့နည်းရရှိမှုက ပဲစင်းငုံစိုက်ဧရိယာကို ယခင်နှစ် စိုက်ပျိုးနိုင်မှုအောက် ၃၀% အထိ လျော့ကျစေခဲ့ကြောင်း၊ မတ်ပဲစိုက်ပျိုးမှုမှာလည်း ယခင်နှစ်ကာလတူအောက် ဟက်တာ ၄.၂၃ သိန်း (၁၄.၁%) လျော့ကျလျက် ဟက်တာ ၂၅.၈၃ သိန်းသာ စိုက်ပျိုးပြီးစီးကြောင်း၊ ပဲတီစိမ်းမှာ ဧရိယာဟက်တာ ၂၇.၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့ရာ ယခင်နှစ်ကာလတူအောက် ဟက်တာ ၂.၁၄ သိန်း (၇.၂%) လျော့နည်းလျက်ရှိ ကြောင်း၊ မြင်းစားကုလားပဲ (Kulthi) ခေါ် ပဲပိစပ်အား ဟက်တာ ၀.၂၁ သိန်း စိုက်ပျိုးထားနိုင်သဖြင့် ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၀၅ သိန်း ပိုမိုလျက်ရှိကြောင်း၊ အခြား မိုးပဲမျိုးစုံမှာ ဟက်တာ ၁၁.၆၅ သိန်း စိုက်ပျိုးပြီးဖြစ်၍ ယခင်နှစ် စိုက်ပျိုးနိုင်မှုအောက် ဟက်တာ ၀.၀၁ သိန်းခန့်သာ လျော့နည်းမှုရှိကြောင်း သိရှိရသည်။

ဥတ္တာပရာ‌ဒေ့ရှ်ပြည်နယ်ရှိ ဘန်ဒါစိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ်မှ ဒုတိယအကြီးအကဲဖြစ်သူ NP Singh က ရာသီဥတုစိုထိုင်းမှုနှင့်အတူ ပုံသဏ္ဌာန်မမှန်သော အပူချိန်မြင့်တက်မှု မရှိသဖြင့် မိုးသီးနှံပဲမျိုးစုံ စိုက်ပျိုးမှုသည် မုတ်သုံပြတ်တောက်မှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်လိမ့် မည်ဖြစ်ကြောင်း၊ ဥတ္တာပရာ‌ဒေ့ရှ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်နှစ်ခု၌ ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် ဘန်ဒယ်ခန်နယ်မြေဒေသတွင် ရာသီကာလအစပိုင်း၌ ခေတ္တခြောက်သွေ့မှုကို ၂ ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း ၂ ရက်၊ ၃ ရက်ခန့် မိုးရွာသွန်းခဲ့ခြင်းက သီးနှံစိုက်ပျိုးမှုအပေါ် ထိခိုက်ခြင်းမှ သက်သာမှုရရှိခဲ့ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 2 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)