အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့ခြင်းသည် ကမ္ဘာ့ဈေးကွက်သို့ ထောက်ပံ့မှုအပေါ် အကျပ်အတည်း ဖြစ်ပေါ်စေပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဆန်တင်ပို့သူများအနေဖြင့် ဩဂုတ်လတွင် တင်ပို့ရမည့် ဆန်တန်ချိန် ၅ သိန်းခန့်ရှိသော အရောင်းအဝယ်စာချုပ်များအတွက် ဈေးနှုန်းများကို ပြန်လည်ညှိနှိုင်းနေရသည်ဟု ကုန်သွယ်ရေးသတင်းအရင်းအမြစ်နှစ်ခုက ပြောဆိုပါသည်။
ကမ္ဘာ့ဆန်ဈေးကွက်၌ ဈေးနှုန်းများ ရုတ်ခြည်းမြင့်တက်ခဲ့ပြီးနောက် ထိုင်းနှင့် ဗီယက်နမ်ရှိ တောင်သူများကလည်း ဈေးနှုန်းမြှင့်တင်ရောင်းချလာကြသဖြင့် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော အရောင်းအဝယ်စာချုပ်များအပေါ် ဆုံးရှုံးနိုင်ချေ မြင့်တက်စေလျက်ရှိရာ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တောင်သူများထံမှ ဆန်များ အလျင်စလိုဝယ်ယူနေရကြောင်း၊ ဇူလိုင် လ ၂၀ ရက်နေ့မှစတင်၍ အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့မှုပိတ်ပင်ခဲ့ခြင်းက ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်တစ်တန်လျှင် ဒေါ်လာ ၈၀ ခန့် ဈေးနှုန်းမြင့်တက်စေခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူဈေးနှုန်းသည် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်၌ တစ်တန်လျှင် ၅၄၅ ဒေါ်လာရှိရာမှ ၆၂၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ အလားတူ ဆန်ဈေးနှုန်းမှာ ၅၁၅ မှ ၅၂၅ ဒေါ်လာ အကြားရှိရာမှ ၅၉၀ ဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်း၊ အာရှနှင့် အာဖရိကရှိ ဆန်တင်သွင်းသည့်နိုင်ငံများ၌ စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း၊ ဖိလစ်ပိုင်အပါအဝင် ဆန်တင်သွင်းသည့် နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် ဆန်တင်ပို့သည့်နိုင်ငံများနှင့် အစိုးရချင်း ညှိနှိုင်းသဘောတူညီချက် များ ရယူဆောင်ရွက်ရန် နည်းလမ်းရှာဖွေလာကြကြောင်း၊ ကမ္ဘာ့ဒုတိယနှင့် တတိယ ဆန်အများ ဆုံးတင်ပို့သည့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဩဂုတ်လတွင် ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာပြီး ဆန်တင်ပို့သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် စာချုပ်ချုပ်ဆိုရန် အခက်အခဲရှိကြောင်း စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုသည်။ ဟိုချီမင်းမြို့မှ ကုန်သည်တစ်ဦးကလည်း လက်ရှိဆန်ဈေးနှုန်းများသည် စာချုပ်ချုပ်ဆိုထားသည့် ဈေးနှုန်းများထက် ပိုမိုမြင့်မားနေကြောင်း၊ ပို့ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းက ပြည်တွင်းစပါးဈေးမြင့်တက်မှုကို ဖြစ်ပေါ်စေပြီး ကုန်သည်အများအပြားသည် တောင်သူများထံမှ ဆန်စပါးဝယ်ယူမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Source: Bangkok Post, 1 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)