ထိုင်းနိုင်ငံ၌ မိုးရေချိန် နည်းပါးမှုကြောင့် စပါးစိုက်ပျိုးမှု ဆိုင်းငံ့ထားဖွယ်ရှိ

Powered by Drupal

ထိုင်းနိုင်ငံ၌ ရေချွေတာရန်အတွက် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် စပါးစိုက်ပျိုးခြင်းကို ဆိုင်းငံ့ထားရန် အစိုးရက စဉ်းစားဖွယ်ရှိကြောင်း ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR)မှ ပြောကြားခဲ့သည်။

ရေအကျပ်အတည်းကွပ်ကဲမှုဗဟိုဌာနအနေဖြင့် မိုးရွာသွန်းမှုနည်းပါးခြင်း၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းအားထုတ်မှုများကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း၊ ယခုနှစ်မိုးရွာသွန်းမှုမှာ ပျမ်းမျှမိုးရွာသွန်းမှု အတိုင်းအတာ၏ အောက်သို့ ကျဆင်းရောက်ရှိခဲ့ပြီး ပိုမိုခြောက်သွေ့သော မိုးရာသီဖြစ်ပေါ်မည်ဟု ခန့်မှန်းချက်များရှိကြောင်း၊ နိုင်ငံ၏ ဆန်စပါးရပ်ဝန်းဟု ခေါ်ဆိုနိုင်သည့် အလယ်ပိုင်းလွင်ပြင်ဒေသရှိ ပြည်နယ်များမှာ အဆိုးရွားဆုံး ထိခိုက်ခံရဖွယ်ရှိကြောင်း၊ အဆိုပါဒေသများတွင် ယခုနှစ်မိုးရာသီ၌ မိုးရွာသွန်းမှု ၄၀% အထိ ကျဆင်းနိုင်ကာ နေရာအနှံ့ ရေပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကာလ၌ နိုင်ငံအတွင်း ပင်မဆည်ကြီးလေးခုတွင် သိုလှောင်ရရှိထားသည့် ရေပမာဏမှာ နည်းပါးလျက်ရှိပြီး ရေကုဗမီတာ ၉၆၁၇ သန်း သို့မဟုတ် ပျမ်းမျှသိုလှောင်နိုင်မှု၏ ၃၉% သာရှိကြောင်း၊ ထို့အပြင် အဆိုပါရေပမာဏအနက် ရေကုဗမီတာ ၂၉၂၁ သန်းကိုသာ ထုတ်နှုတ်သုံးစွဲနိုင်မှုရှိကြောင်း၊ ၂၀၂၅ ခုနှစ်အထိ အယ်လ်နီညိုဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နိုင်မှုမှာ စိုးရိမ်ရမည့်အချက်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေစီမံခန့်ခွဲမှုကို သတိရှိရှိ စီစဉ်ရမည်ဖြစ်ကြောင်းဖြင့် ONWR ၏ အထွေထွေအတွင်းရေးမှူး Surasri Kidtimonton က ဩဂုတ်လ ၁ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ အလယ်ပိုင်းလွင်ပြင်ဒေသသည် စပါးစိုက်ပျိုးရန်အတွက် ရေအမြောက်အမြား သုံးစွဲမှုရှိရာ လက်ရှိအချိန်တွင် စိုက်ပျိုးနိုင်ခြင်း မရှိသေးသော စပါးစိုက်ဧရိယာ ရိုင် ၁၁ သန်းကျော် (ဧက ၄.၃၄၉ သန်းကျော်) ၌ စပါးစိုက်ပျိုးမှုကို ဆိုင်းငံ့ထားရန် သို့မဟုတ် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိသော အပင်များကို ပြောင်းလဲစိုက်ပျိုးရန် တောင်သူများအား တိုက်တွန်းထားသည်။

အစိုးရအနေဖြင့်လည်း အဆိုပါဒေသ၏ မြစ်ဝှမ်းများတွင် ရရှိနိုင်သောရေအရင်းအမြစ်များမှ ‌ရေခွဲဝေမှုအတွက် ကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဓိကဦးစားပေး အစီအစဉ်အဖြစ် နေအိမ်သုံးစွဲမှု၏ နောက်တွင်  သဘာဝ‌ဂေဟစနစ်များ ထိန်းသိမ်းရန်အတွက် ရေပေးဝေခြင်းဖြစ်သည်။

အမျိုးသားရေအရင်းအမြစ်ရုံးအနေဖြင့် လိုအပ်ပါက ရေပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ဒေသများတွင် စပါးစိုက်ပျိုးခြင်းအား ရက်ရှည်ဆိုင်းငံ့ထားရန် ကော်မတီထံ တင်ပြမည်ဟု  Mr Surasri က ပြောဆိုကြောင်း၊ လက်ရှိဆောင်ရွက်နေသော အစီအမံများသည် ရေပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် အဆင်မပြေပါက စပါးစိုက်ပျိုးမှုရပ်ဆိုင်းရန် ကော်မတီက စဉ်းစားလျက်ရှိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

Source: Bangkok Post, 1 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)