အိန္ဒိယနိုင်ငံ၌ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် ITC HS code 2306 နှင့် အခြား HS code ခေါင်းစဉ်များအောက်၌ အကျုံးဝင်သော ဆီထုတ်ပြီး ဖွဲဖတ်များအား ပြည်ပသို့ တင်ပို့ခြင်းကို ၃၀-၁၁-၂၀၂၃ ရက်နေ့အထိ တားမြစ်ကန့်သတ်လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာကို ဇူလိုင်လ ၂၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါတားမြစ်မှုနှင့်စပ်လျဉ်း၍ အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က အစိုးရ၏ ဆုံးဖြတ်ချက်သည် ကောင်းကျိုးဖြစ်ထွန်းမှုမရှိပဲ နောက်ကြောင်းပြန် အဆင့်လျှော့ချမှုတစ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း၌ အနောက်ဘင်ဂယ်ပြည်နယ်သည် ဖွဲနုဆီကြိတ်ခွဲသည့် စက်ရုံပေါင်း ၃၀ ခန့်ဖြင့် ဖွဲနုဆီထုတ်လုပ်ခြင်းကို အဓိကဆောင်ရွက်သည့် ပြည်နယ်ဖြစ်သော်လည်း ကျွဲနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုနည်းပါးပြီး တိရစ္ဆာန်အစားအစာ ဝယ်လိုအားနည်းပါးသည့်ဒေသဖြစ်သည်။
SEA အသင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး BV Mehta က အစိုးရ၏ တားမြစ်ချက်သည် ဖွဲနုဆီ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းများ၏ ပြည်ပဈေးကွက်သို့ တင်ပို့မှုအပေါ် ထိခိုက်စေမည်ဖြစ်ကြောင်း၊ အိန္ဒိယ အရှေ့ပိုင်းဒေသမှ ထုတ်လုပ်သည့်ဆီကြိတ်ပြီးဖွဲဖတ်များအား တောင်ပိုင်း သို့မဟုတ် အနောက်ပိုင်းဒေသများသို့ သယ်ယူပို့ဆောင်မှုမှာ စရိတ်စက အလွန်ကြီးမားကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယအရှေ့ပိုင်းဒေသ၌ ဆီထုတ်ပြီးဖွဲဖတ်အား ပြည်ပသို့တင်ပို့ခြင်းသည် အဓိကကျသည့် စွန့်ပစ်မှုနည်းလမ်းဖြစ်ကြောင်း၊ ထို့အပြင် ယခုတားမြစ်ချက်က ဖွဲနုဆီကြိတ်ခွဲမှုကို ကျဆင်းစေပြီး ပြည်ပမှ စားသုံးဆီအများအပြား တင်သွင်းရမှုကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီကာလအတွင်း SEA အသင်း၏ ဥက္ကဋ္ဌ Ajay Jhunjhunwala မှ အစိုးရထံ အမှာစာဖြင့် တင်ပြခဲ့ရာတွင် ဆီထုတ်ပြီး ဖွဲဖတ်များအား ပြည်ပသို့တင်ပို့မှုကို အစိုးရက တားမြစ်ပိတ်ပင်ရသည့် အကြောင်းအရင်းမှာ မွေးမြူရေးအစာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း လိုက်ပါမြင့်တက်မှုပင်ဖြစ်ကြောင်း၊ အဆိုပါ တိရစ္ဆာန်အစားအစာ၌ မုံညင်းဆီကြိတ်ဖတ်နှင့် ဖွဲနုဆီကြိတ်ဖတ်တို့သည် အဓိကပါဝင်လျက်ရှိကြောင်း၊ ၎င်းရှုမြင်ချက်သည် လက်တွေ့နှင့် ဝေးကွာလျက်ရှိကြောင်း၊ မွေးမြူရေးအစာကဏ္ဍ၌ ဆီထုတ်ပြီး ဖွဲဖတ်၏ ပါဝင်မှုမှာ ၂၅% ခန့်ရှိကြောင်း၊ တွက်ချက်မှုများအရ ဖွဲနုဆီကြိတ်ဖတ်၏ ဈေးနှုန်း ၁၀% ကျဆင်းခဲ့လျှင် မွေးမြူရေးအစာ၌ ဈေးနှုန်း ၂.၅% လျော့နည်းလျက် ၁% ထက်မပိုသော နို့နှင့်နို့ထွက်ပစ္စည်း ဈေးနှုန်းကျဆင်းမှုကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ တိရစ္ဆာန်အစားအစာနှင့်သက်ဆိုင်သည့် ကုန်ကျစရိတ်အပြင် ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်မှုစသည့် အခြားသောစရိတ်စကများကလည်း နို့နှင့် နို့ထွက်ပစ္စည်း ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေကြောင်း ဖော်ပြခဲ့သည်။
၂၀၂၂-၂၃ ခုနှစ်၌ အိန္ဒိယနိုင်ငံ၏ ဆီထုတ်ပြီးဖွဲဖတ် ထုတ်လုပ်မှုမှာ တန်ချိန် သိန်း ၅၀ ခန့်ရှိ ပြီး ၎င်းအနက် တန်ချိန် ၆ သိန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း၊ SEA အသင်း၏ စာရင်းများအရ ၂၀၂၃-၂၄ ခုနှစ် ပထမ သုံးလပတ်အတွင်း ဆီထုတ်ပြီးဖွဲဖတ် တင်ပို့မှုမှာ တန်ချိန် ၁.၂၅ သိန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်ပို့မှု တန်ချိန် ၁.၄၉ သိန်းအောက် လျော့ကျခဲ့ကြောင်း၊ အိန္ဒိယမှ ဆီထုတ်ပြီးဖွဲနုဖတ်ကို ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်တို့က အဓိကဝယ်ယူခြင်းဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားပါသည်။
Source: The Hindu Business Line, 29 Jul 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)