စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း ဆီအုန်းတိုးမြှင့်စိုက်ပျိုးရေး လှုပ်ရှားမှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ဆီအုန်း အဓိကစိုက်ပျိုးထွက်ရှိသည့်ဒေသများမှာ အန္တရာပရာဒေ့ရှ်၊ တဲလန် ဂါနာ၊ တမီးလ်နာဒူ၊ ဩရိသျှ၊ ကာနာတကာ၊ ဂိုအာ၊ အာသံ၊ တြိပူရာ၊ နာဂလန်း၊ မီဇိုရမ်ဒေသတို့ဖြစ်ပြီး ယခုဆီအုန်း တိုးမြှင့်စိုက်ပျိုးရေး လှုပ်ရှားမှုအစီအစဉ်တွင် အရုနာချယ်ပရာဒေ့ရှ်ဒေသ ပါဝင်မည်ဖြစ်ပါသည်။ ယခုလှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဩဂုတ် လ ၁၂ ရက်နေ့အထိဖြစ်ကြောင်း သိရပါသည်။
စားသုံးဆီကဏ္ဍနှင့်ပတ်သက်၍ ဆီအုန်းတိုးချဲ့စိုက်ပျိုးရေးကို ဦးဆောင်အဖွဲ့ ဖွဲ့စည်းထားရှိပြီး ဗဟိုအဆင့် အရေးပါသောအစီအမံ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ စိုက်ပျိုး ရေးနှစ်တွင် ဆီအုန်းစိုက်ဧရိယာ ဟက်တာ ၁၀ သိန်းခန့်ထိ တိုးမြှင့်စိုက်ပျိုးရန် ရည်ရွယ်ထားပြီး စားအုန်းဆီကြမ်း တန်ချိန် ၁၁.၂၀ သိန်းခန့် တိုးတက်ထုတ်လုပ်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သည့် ကုမ္ပဏီကြီး ၃ ခုရှိရာ Patanjali Food Pvt Ltd ကုမ္ပဏီ၊ Godrej Agrovet ကုမ္ပဏီနှင့် 3F ကုမ္ပဏီတို့ဖြစ်ပြီး အဆိုပါကုမ္ပဏီများက ဆီအုန်းတိုးချဲ့စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆီအုန်းတိုးမြှင့် စိုက်ပျိုးရေးလှုပ်ရှားမှုကို အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာ၊ တမီးလ်နာဒူ၊ ဩရိသျှ၊ ကာနာတကာ၊ ဂိုအာဒေသများတွင် ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ အန္တရာပရာဒေ့ရှ်နှင့် တဲလန်ဂါနာ ဒေသနှစ်ခုတွင် ဟက်တာပေါင်း ၆၅၀၀ စိုက်ပျိုးရန် မျှော်မှန်းချက်ထားရှိသော်လည်း ဟက်တာ ၇၀၀၀ ထိ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသ ပြည်နယ်များဖြစ်သည့် အာသံ၊ တြိပူရာ၊ နာဂလန်း၊ မီဇိုရမ်နှင့် အရုနာချယ်ပရာဒေ့ရှ် ဒေသများတွင် ယခုလှုပ်ရှားမှုအစီအစဉ်ကို ဩဂုတ်လ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ဆီအုန်းစိုက်ဧရိယာ ဟက်တာပေါင်း ၇၅၀ ခန့် စိုက်ပျိုးရန် ဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။ ဆီအုန်းတိုးမြှင့်စိုက်ပျိုးရေး လှုပ်ရှားမှုကာလအတွင်း ဩဂုတ် လ ၅ ရက်နေ့အထိ အာသံပြည်နယ်အစိုးရက ခရိုင် ၅ ခုတွင် ဧရိယာ ၇၅ ဟက်တာကျော် စိုက်ပျိုးရန် စီစဉ်ထားရှိကြောင်းနှင့် အရုနာချယ်ပရာဒေ့ရှ် ဒေသရှိ ခရိုင် ၆ ခုတွင် ဟက်တာ ၇၀၀ နီးပါး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါသည်။
Source: Economic Times, 30 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)