ဆန်တင်ပို့သူများအနေဖြင့် စာချုပ်များကို လေးစားလိုက်နာရန် ဗီယက်နမ်အစိုးရက တိုက်တွန်း

Powered by Drupal

မကြာသေးမီကာလ၌ ဆန်စပါးဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ဝယ်လိုအားကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်းရှိ ဆန်တင်ပို့သူများအနေဖြင့် ယင်းတို့၏ ပို့ကုန်စာချုပ်များကို လေးစားလိုက်နာဆောင်ရွက်ကြရန် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံက ပြည်တွင်းဈေးနှုန်းများကို ထိန်းထားနိုင်ရန်အတွက် ဆန်တင်ပို့မှုကို တားမြစ်သည့် အမိန့်ကို ဇူလိုင် ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့် သီတင်းပတ်၌ ၁ တန်လျှင် ဒေါ်လာ ၅၅၀ မှ ၅၇၅ ကြား ရှိရာမှ ၁၅ နှစ်တာကာလအတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် ၄-၈-၂၀၂၃ ရက်နေ့၊ သောကြာနေ့တွင် ဒေါ်လာ ၅၉၀ မှ ၆၀၀ ကြားအထိ မြင့်တက်လာခဲ့ကြောင်း ကုန်သည်များက ပြောဆိုခဲ့သည်။

အိန္ဒိယ၏ တားမြစ်ပိတ်ပင်မှုသည် ကမ္ဘာ့ဆန်တင်ပို့မှုများကို အကျပ်အတည်းဖြစ်စေပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်တင်ပို့သူအချို့သည် သြဂုတ်လ၌ ဆန်တန်ချိန် ၅ သိန်းခန့်တင်ပို့ရမည့် သင်္ဘောတင်အစီအစဉ်များအတွက် အရောင်းသဘောတူစာချုပ်များကို ပြန်လည်ညှိနှိုင်းလျက်ရှိကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်နှစ်ခုက ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က မိမိတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းရန်အတွက် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သော သဘောတူညီချက်များကို လေးစားလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဆန်အရည်အသွေး ကောင်းမွန်မှုအား ထိန်းသိမ်းနိုင်ရန်နှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် အရန်ဆန်ထားရှိမှုကို ပြည့်မီစေရေးအတွက် ပိုမိုတင်ပို့ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ဆန်တင်ပို့သည့်နိုင်ငံတစ်ခုအနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများ ကြီးမြင့်မှုနှင့် ဈေးကွက်သို့ ထောက်ပံ့ရန်ခက်ခဲမှုများ နှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဆိုသည်မှာ လက်ခံဖွယ်ရာမရှိကြောင်းဖြင့် ညီလာခံတစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ် ကောက်ပဲသီးနှံဌာန၏ ၁-၈-၂၀၂၃ နေ့၌ ထုတ်ပြန်ချက်အရ ယခင်နှစ်၌ ဆန်တန်ချိန် ၄၂.၇ သန်းထုတ်လုပ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် ဆန်တန်ချိန် ၄၃ သန်းအထိ တိုးမြင့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အစိုးရ၏ ကနဦးစာရင်းများအရ ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၄.၈၄ သန်းရှိပြီး ယခင်နှစ် ကာလတူထက် ၁၈.၇% တိုးတက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ယခင်နှစ်တင်ပို့မှုထက် တန်ချိန် ၀.၇ သန်းခန့် ပိုမိုလျက် ဆန်တန်ချိန် ၇.၈ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ဖွယ်ရှိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

Source: Bangkok Post, 4 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)