အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းက ကမ္ဘာ့ဆန်ဈေးနှုန်းများအား ၁၅ နှစ် အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိစေခဲ့ရာ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ကုန်သည်အချို့သည် ဆန်တန်ချိန် ၅ သိန်းခန့် တင်ပို့ရန် ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်များကို ပြန်လည်ညှိနှိုင်း၍ ဈေးနှုန်းမြှင့်တင်ခဲ့ကြသည်ဟု ကုန်သွယ်မှုသတင်းအရင်းအမြစ် ၂ ခုက ပြောဆိုကြောင်း သိရှိရသည်။
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ရှိ ကုန်သည်များအပါအဝင် ဆန်တင်သွင်းသူများအနေဖြင့် ဇူလိုင်လအတွင်း အိန္ဒိယက ဆန်တင်ပို့မှုပိတ်ပင်ခြင်း မပြုမီအချိန်၌ ဗီယက်နမ်နိုင်ငံထံမှ ဆန်မွှေး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ ခန့်ဖြင့် ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားရှိသည့် သဘောတူညီချက်များအပေါ် ဆန် ၁ တန်လျှင် ဒေါ်လာ ၃၀ မှ ၈၀ အထိ ထပ်ဆောင်းပေးချေခဲ့ရကြောင်း စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ဆန်တင်ပို့ရောင်းချသူများအတွက် ယခင်သဘောတူညီထားရှိသည့် တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁၅ သန်းမှ ၄၀ သန်းအထိ ဝင်ငွေပိုမိုရရှိစေခဲ့ကြောင်း၊ ဩဂုတ်လအတွင်း သင်္ဘောတင်ပို့မည့် အချို့သော ဆန်အရောင်းအဝယ်စာချုပ်များ အတွက် ဝယ်ယူသူများအနေဖြင့် ဈေးနှုန်းပိုမိုပေးဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု နိုင်ငံတကာကုန်သွယ်မှုလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုမှ အခြားကုန်သည်တစ်ဦးကလည်း ပြောဆိုကြောင်း၊ ၎င်း၏အဆိုအရ ထိုသို့ရောင်းချသည့် ဆန်များအနက် တန်ချိန် ၂ သိန်းခန့်မှာ ယခုလအတွင်း တင်ပို့ထားရှိခဲ့ပြီး ကျန်တန်ချိန် ၃ သိန်းခန့်မှာ ဗီယက်နမ်ဆိပ်ကမ်းများ၌ သင်္ဘောတင်လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည်ဟု သိရှိရကြောင်း၊ အိန္ဒိယက ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို တားမြစ် လိုက်ချိန်မှစ၍ ကမ္ဘာ့ဆန်ဈေးနှုန်းများသည် ၂၀% ခန့်မြင့်တက်ခဲ့ပြီး ၁၅ နှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယ၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာဈေးကွက်၌ ဆန်ရောင်းလိုအား၏ ၂၀% သို့မဟုတ် တန်ချိန် ၁၀ သန်းခန့်ကို လျော့ကျစေခဲ့ကြောင်း စင်ကာပူရှိ Channel News Asia သတင်းဌာနက ဖော်ပြပါသည်။
Source: Channel News Asia, 16 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)