လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ၏ အကျိုးကျေးဇူးများနှင့် ဖြတ်သန်းချိန်ကာလ ပို၍မြန်ဆန်လာမှုတို့ကြောင့် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၏ ပထမငါးလတာ ကာလအတွင်း ၃၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဩဂုတ်လ ၁၅ ရက်၊ အင်္ဂါနေ့တွင် ထိုင်းသတင်းမီဒီယာများက ဖော်ပြလျက်ရှိကြသည်။
အဆိုပါ ရထားလမ်းသည် ထိုင်းထုတ်ကုန်များအတွက် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်းများ ရရှိလာစေခဲ့ရာ မော်တော်ကားလမ်းဖြင့် သယ်ယူပို့ဆောင်ပါက ၂ ရက်ကြာမြင့်ရာမှ ယခု ၁၅ နာရီအောက်သာ ဖြတ်သန်းရသည်ဟု ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုဦးစီးဌာန (DTN) မှ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum ၏ ပြောကြားမှုအား ကိုးကားလျက် Thairath Online ၌ ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်-လာအို မီးရထားလမ်း စတင်လည်ပတ်ခဲ့ချိန်မှစ၍ ထိုင်းနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုသည် သိသာစွာ တိုးတက်လာကြောင်း၊ လာအိုနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ၊ Nong Khai မြို့၏ အရှေ့မြောက်ဘက်ရှိ ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့် တရုတ်သို့ သစ်သီးဝလံတင်ပို့မှုမှာ ၂၀၂၂ ခုနှစ်တွင် ဘတ်ငွေ ၁.၉၆ ဘီလီံယံ (အမေရိကန်ဒေါ်လာ ၅၅ သန်း) ရှိကြောင်း၊ ယခင်နှစ်၌ တန်ဖိုးငွေ ဘတ် ၉၀.၄၁ သန်း (ဒေါ်လာ ၂.၅၅ သန်း) ရှိရာမှ တစ်ဟုန်ထိုး တိုးတက်ခဲ့ကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်နှင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့မှ အထူးအခွင့်အရေးများကို ရရှိခဲ့ရာ ထိုင်းသစ်သီးဝလံများနှင့် အခြားပို့ကုန်များတင်ပို့မှုအတွက် အခွင့်လမ်းကောင်းများ ရယူနိုင်ခဲ့ကြောင်းဖြင့် Auramon က မှတ်ချက်ပြုပြောကြားခဲ့သည်။
DTN ၏ အချက်အလက်များအရ တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော ပို့ကုန်တန်ဖိုးမှာ ဇန်နဝါရီလမှ မေလအတွင်း ဘတ်ငွေ ၂.၈၄ ဘီလီယံ (ဒေါ်လာ ၈၀.၂၂ သန်း) ရရှိခဲ့ရာ လတ်ဆတ်သော ဒူးရင်းသီး များ၏ တင်ပို့မှုမှ ရရှိသောပမာဏမှာ ၇၂% ပါဝင်ကြောင်း သိရှိရသည်။
Source: Bangkok Post, 16 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)