အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ၂ဝ၂၃ ခုနှစ်အတွင်း ဝါသီးနှံစိုက်ခင်းများ၌ ပန်းရောင်ဝါသီး ထိုးပိုး (pink bollworm) ကျရောက်မှုမှာ လွန်ခဲ့သော ၂ နှစ်ထက် ပိုမိုများပြားသဖြင့် ဝါသီးနှံများအတွက် စိန်ခေါ်မှု ဖြစ်ပေါ်လျက်ရှိပါသည်။
၂ဝ၂၂-၂၃ ခုနှစ်၌ မိုးသီးနှံရာသီ၏ အဆုံးပိုင်းကာလများတွင်သာ နိုင်ငံမြောက်ပိုင်းရှိ ဝါစိုက်ခင်းများအပေါ် ပန်းရောင်ဝါသီးထိုးပိုး ကျရောက်ခဲ့သော်လည်း ယခုနှစ်တွင် အဆိုပါပိုးမွှားသည် မိုးသီးနှံရာသီ ကာလအစပိုင်းမှာပင် ကျရောက်ခဲ့သဖြင့် တောင်သူများအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း Jodhpur အခြေစိုက် တောင်အာရှဇီဝနည်းပညာဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Bhagirath Chaudhary က ပြောကြားခဲ့ပါသည်။
ယေဘုယျအားဖြင့် ပန်းရောင်ဝါသီးထိုးပိုးသည် ဝါသီးနှံများအပေါ် စိုက်ပျိုးသည့်ကာလ အလယ်ပိုင်းနှင့် နောက်ပိုင်းကာလများတွင် ကျရောက်လေ့ရှိပြီး ဝါသီးနှံအထွက်နှုန်း လျော့နည်းခြင်းနှင့် အရည်အသွေး လျော့နည်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေလေ့ရှိပါသည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဝါစိုက်ပျိုးသည့်ဒေသတွင် ၂ဝ၁၇-၁၈ ကာလအထိ ပန်းရောင်ဝါသီးထိုးပိုးကျရောက်မှု မရှိခဲ့သော်လည်း ၂ဝ၁၈-၁၉ ကာလမှစတင်၍ နောက်ပိုင်းနှစ်များတွင် Jind နှင့် Bathinda ဒေသများတွင် အဆိုပါပိုးထိုးနှက်မှုကြောင့် ဝါသီးနှံပျက်စီးမှုတန်ဖိုးသည် ပိုးသတ်ဆေးသုံးစွဲမှု အပါအဝင် သီးနှံပိုးထိန်းသိမ်းမှုစရိတ်ထက် ကျော်လွန်သည့်အဆင့် (economic threshold levels-ETL) သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ပန်ဂျပ်ပြည်နယ်တွင် ဝါသီးနှံစိုက်ဧရိယာကျဆင်းခဲ့သော်လည်း ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန်ပြည်နယ်များကို လွှမ်းခြုံမှုရှိသည့် မြောက်ပိုင်းဇုန်၌ ဝါသီးနှံစိုက်ပျိုးမှုမှာ ယခင်နှစ်တွင် ဟက်တာ ၁၅.၄၄ သိန်းရှိခဲ့ရာမှ ယခုနှစ်၌ ဟက်တာ ၁၆.၁၇ သိန်းသို့ တိုးတက်ခဲ့ပါသည်။ လတ်တလောနှစ်ကာလများအတွင်း ပန်ဂျပ်ဒေသတွင် အဖြူရောင် ယင်ကောင်များနှင့် ပန်းရောင် ဝါသီးထိုးပိုး ကျရောက်မှုများကြောင့် တောင်သူများသည် ဝါစိုက်ဧရိယာအား ယခင်နှစ်၌ ဟက်တာ ၂.၅၄ သိန်း စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၁.၇ သိန်းသို့ လျှော့ချခဲ့ကြသည်။
ဟာရီယာနာပြည်နယ်တွင် လယ်သမားများသည် ဝါစိုက်ဧကကို ယခင်နှစ် စိုက်ပျိုးမှု ဟက်တာ ၆.၄၅ သိန်းကို ကျော်လွန်လျက် ဟက်တာ ၆.၆၅ သိန်းအထိ တိုးချဲ့စိုက်ပျိုးခဲ့ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း Biparjoy ကြောင့် မိုးစောစီးစွာရွာသွန်းခဲ့ရာ ရာဂျပ်စတန်ပြည်နယ်ရှိ တောင်သူများသည်လည်း ဝါစိုက်ဧကကို ဟက်တာ ၇.၈၂ သိန်းအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြသဖြင့် ဟက်တာ ၆.၄၅ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့သည့် ယခင်နှစ်ထက် ၂၁% ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ ဝါသီးနှံစိုက်ဧရိယာမှာ ဟက်တာ ၁၂၁.၂၈ သိန်းသာ စိုက်ပျိုးပြီးစီးခဲ့သဖြင့် ယခင်နှစ်ကာလတူ စိုက်ဧက ဟက်တာ ၁၂၂.၅၃ သိန်းထက် အနည်းငယ်လျော့နည်းကျဆင်းခဲ့ပါသည်။
ပန်ဂျပ်ပြည်နယ်ရှိ ဝါသီးနှံ အစောပိုင်းစိုက်ပျိုးသည့် Bhatinda နှင့် Faridkot ဒေသများတွင် စိုက်ခင်းများ၌ ပန်းရောင်ဝါသီးထိုးပိုး ကျရောက်မှုမှာ ETL အဆင့်နီးပါး ၅% မှ ၁၂% အထိရောက်ရှိ ခဲ့ကြောင်း အိန္ဒိယဗဟိုစိုက်ပျိုးရေးသုတေသနသိပ္ပံရှိ ဝါသီးနှံသုတေသနဌာနက ပြောကြားခဲ့ပါ သည်။ အဆိုပါပိုးကျရောက်မှုကြောင့် ဝါသီးနှံပျက်စီးဆုံးရှုံးမှုကို လျော့နည်းစေမည့် ပိုးမွှားထိန်း သိမ်းစီမံကွပ်ကဲမည့် နည်းလမ်းများကို အိန္ဒိယအစိုးရ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: The Hindu Business Line, 11 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)