အိန္ဒိယနိုင်ငံ၌ ဇူလိုင်လ စားအုန်းဆီ တင်သွင်းမှုမှာ ၇ လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့

Powered by Drupal

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည်  ဇူလိုင်လတွင် တန်ချိန် ၁.၀၈ သန်းခန့်ရှိရာ ယခင်လထက် ၅၉% ခန့် ပိုမိုတင်သွင်းခဲ့ပြီး ၇ လအတွင်း တင်သွင်းမှုအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲပုပ်ဆီတင်သွင်းမှုမှာ ၂၂% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၃၄၂၂၇၀ တန် ရှိပါသည်။ နေကြာဆီတင်သွင်းမှုအနေဖြင့် ၇၁% မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး တန်ချိန် ၃၂၇၂၅၉ ရှိကြောင်း မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က ဩဂုတ်လ ၁၄ ရက် တနင်္လာနေ့တွင် ပြောကြားပါသည်။

အိန္ဒိယ စားသုံးဆီ ပြန်လည်သန့်စင်စက်လုပ်ငန်းများအနေဖြင့် ဈေးနှုန်းကျဆင်းချိန် ကာလအတွင်း ဝယ်ယူမှု တိုးမြှင့်ခဲ့ကြောင်း၊ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီ ဝယ်ယူသူနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှု မြင့်မားခြင်းက ထိပ်တန်းထုတ်လုပ်သူများ ဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့ရှိ စားအုန်းဆီ လက်ကျန်ပမာဏကို လျော့နည်းစေပြီး မလေးရှား စားအုန်းဆီစျေးနှုန်းများကို အထောက်အကူဖြစ်စေကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ စုစုပေါင်း စားသုံးဆီတင်သွင်းမှုသည် ဇူလိုင်လတွင် တန်ချိန် ၁.၇၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ပင်လယ်နက်ဒေသဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုမှာ မသေချာမရေရာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဆီသန့်စင်ရေး လုပ်ငန်းရှင်များက လာမည့်ပွဲတော်ရာသီကာလ၌ စားသုံးဆီလက်ကျန်များပြားစေရေးအတွက် တိုးမြှင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယဆီကုန်သည်များက ပြောဆိုပါသည်။

ရုရှားနိုင်ငံက ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ ကုန်သွယ်ရောင်းဝယ်မှုဆိုင်ရာ သဘောတူ စာချုပ်မှနုတ်ထွက်ပြီးနောက်ပိုင်း နေကြာဆီဈေးမြင့်တက်လာကြောင်း၊ ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ပဲပုပ်ဆီထုတ်လုပ်နိုင်မှုအပေါ် စိုးရိမ်မှုများရှိလာခြင်းနှင့် ပဲပုပ်ထိပ်တန်းတင်ပို့သည့် အာဂျင်တီးနားနိုင်ငံမှ ရောင်းလိုအားနည်းပါးခြင်းတို့ကြောင့် ပြီးခဲ့သောလတွင် ပဲပုပ်ဆီစျေးနှုန်းများသည်လည်း မြင့်တက်ခဲ့ကြောင်း နယူးဒေလီအခြေစိုက် အိန္ဒိယကုန်သည်တစ်ဦးက ပြောကြား ခဲ့သည်။

စားအုန်းဆီကြမ်းဈေးနှုန်းသည် ပဲပုပ်ဆီကြမ်းဈေးနှုန်းထက် လျော့နည်းပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ ကျော်အထိ ဈေးနှုန်းကွာခြားမှု ရှိလာသည့်အတွက် အိန္ဒိယ ဆီသန့်စင်ရေးလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီသို့ ပြောင်းလဲ ဝယ်ယူ လုပ်ကိုင်လာကြောင်း၊ ရှေ့လာမည့်လများတွင်လည်း စားအုန်းဆီ တိုးမြှင့်တင်သွင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ပြီး စက်တင်ဘာလအတွင်း တန်ချိန် ၁ သန်းခန့် တင်သွင်းမည်ဟု ခန့်မှန်းရကြောင်း၊  အိန္ဒိယသို့တင်သွင်းမည့် စားအုန်း ဆီကြမ်းအတွက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ပါဝင်သည့် CIF တစ်တန်ဈေးနှုန်းမှာ  အမေရိကန်ဒေါ်လာ ၉၁၀ ရှိပြီး ပဲပုပ်ဆီကြမ်းမှာ ဒေါ်လာ ၁၀၅၀ နှင့် နေကြာဆီကြမ်းသည် ဒေါ်လာ ၁၀၁၀ အသီးသီး ရှိကြောင်း သိရှိရပါသည်။

Source: Reuters, 14 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)