ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၁၂၅၀၀၀ အင်ဒိုနီးရှားသို့ တင်ပို့မည်

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆန်တန်ချိန် ၁၂၅၀၀၀ ကို တင်ပို့ရေး သဘောတူညီမှုရရှိခဲ့ကြောင်း Khmer Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Pahala Nugraha Mansury ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်မှ ၁၆ နေ့အတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ ခရီးသွားရောက်ခဲ့ပြီး အိမ်ရှင်နိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pan Sorasak ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Dith Tina နှင့် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံလျက် ကမ္ဘောဒီးယားဆန်များအား ဝယ်ယူတင် သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာ၌ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၁၂၅၀၀၀ ကို ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း၊ ၎င်းပမာဏအနက် ဆန်ဖြူတန်ချိန် ၁၀၀၀၀၀ ကို အင်ဒိုနီးရှား Bulog အဖွဲ့နှင့် ကမ္ဘောဒီးယား Green Trade ကုမ္ပဏီတို့သည်လည်းကောင်း၊ အရည်အသွေးကောင်း တန်းမြင့်ဆန် တန်ချိန် ၂၅၀၀၀ ကို အင်ဒိုနီးရှား ID Food ကုမ္ပဏီနှင့် ကမ္ဘောဒီးယား CRF အဖွဲ့ဝင်များ အကြားလည်းကောင်း စာချုပ် ချုပ်ဆို တင်ပို့မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းများနှင့် သင်္ဘောတင်ပို့မည့် အချိန်ကာလအပါအဝင် အခြားသတ်မှတ်ချက်များကို မကြာမီကာလတွင် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

အဆိုပါ ဆန်တန်ချိန် ၁၂၅၀၀၀ တင်ပို့ရေး ညှိနှိုင်းမှုအပြင် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့သည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားရှိသော ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ နှစ်စဉ် ဆန်တန်ချိန် ၂၅၀၀၀၀ ကို ၄ နှစ်ကြာကာလအထိ တင်ပို့ရောင်းချရေး ပြန်လည်ပြင်ဆင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးစဉ်အတွင်း အင်ဒိုနီးရှား ဒုတိယဝန်ကြီး Pahala Nugraha Mansury က ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များတည်ဆောက်ခြင်း၊ သိုလှောင်ထိန်းသိမ်းမှု သို့မဟုတ် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကမ္ဘောဒီးယားသို့ ဓာတ်မြေဩဇာများ ပေးသွင်းရန် စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီး Pan Sorasak ကလည်း နိုင်ငံတကာဈေးကွက်များသို့ ဆန်တင်ပို့ရန်အတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆန်စက်များတည်ဆောက်သည့် လုပ်ငန်း၌ ပါဝင်ရင်းနှီးမြှုပ်နှံကြရန် အင်ဒိုနီးရှားလုပ်ငန်းရှင်များအား ဖိတ်ခေါ်တိုက်တွန်းခဲ့ပါသည်။

Source: Khmer Times, 18 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)