အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ အခြားသော ပဲများ၏ ဝယ်လိုအားသည်လည်း မြင့်တက်ခဲ့ရာ ကုလားပဲဈေးနှုန်းများသည် လွန်ခဲ့သည့် တစ်လတာအတွင်း ငါးပုံတစ်ပုံခန့် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရ၏ ကောက်ပဲသီးနှံထွက်ရှိနိုင်မှု တတိယအကြိမ်ခန့်မှန်းချက်၌ ကုလားပဲသီးနှံ တန်ချိန် ၁၂၅.၄၃ သိန်းအထိ စံချိန်တင်ထွက်ရှိနိုင်ကြောင်း ဖော်ပြထားမှုကို ထည့်သွင်းစဉ်းစားပါက လက်ရှိဖြစ်ပေါ်နေသော ကုလားပဲဈေးနှုန်းများမှာ ပုံမှန်မဟုတ်ဟု ကုန်သည်များပြောဆိုကြောင်း၊ ကုန်အဝယ်ဒိုင်များစွာတွင် ကုလားပဲဈေးနှုန်းများသည် ဇွန်လကုန်ပိုင်းအထိ အစိုးရက အထောက် အပံ့ပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေး ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅၃၃၅ ရူပီးနှုန်း အောက်၌ တည်ရှိနေခဲ့ရာမှ ယခုအခါ အဆိုပါဈေးနှုန်းအထက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ Indore ဈေးကွက်တွင် ကုလားပဲ စံဈေးနှုန်းသည် ဇွန်လ ၃၀ ရက်နေ့၌ ၁ ကွင်တယ်လျှင် ၄၇၈၅ ရူပီးနှုန်းရှိပြီး ဩဂုတ်လ ၄ ရက်နေ့တွင် ၇၇၆၅ ရူပီးအထိ မြင့်တက်ခဲ့ကြောင်း၊ အဆိုပါဈေးကွက်၌ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကုလားပဲ စံဈေးနှုန်းသည် ၁ ကွင်တယ်လျှင် ၅၅၉၅ ရူပီးဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က ဈေးကွက်အတွင်း ပဲစင်းငုံနှင့် မတ်ပဲ ရှားပါးမှုသည် အခြားသောပဲများအပေါ် ဖိအားများဖြစ်ပေါ်စေ ကြောင်း၊ အစိုးရအနေဖြင့် စိုက်ပျိုးထွက်ရှိမှု မြင့်မားမည်ဟု ခန့်မှန်းထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကုလားပဲဈေးနှုန်းများသည် ၁ ကီလိုဂရမ်ပေါ်တွင် ၆ - ၇ ရူပီးခန့် ပိုမိုလာကြောင်း၊ ပဲနီလေးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၂ - ၃ ရူပီးခန့် မြင့်တက်ခဲ့ပြီး အခြားသော ပဲမျိုးစုံဈေးနှုန်းများ သည်လည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲထုတ်လုပ်မှု ကိန်းဂဏန်းများမှာ မှန်ကန်သည်ဟု ဆိုပါက အဘယ်ကြောင့် ဈေးနှုန်းများ မြင့်တက်ရသည်မှာ မေးခွန်းထုတ်ဖွယ်ရာရှိကြောင်း၊ ကုလားပဲဈေးနှုန်းများ မြင့်တက်မှုအတွက် အကြောင်းအရင်း ဖော်ပြချက်များမှာ လက်တွေ့မကျကြောင်း၊ ကုန်သွယ်ရောင်းဝယ်မှု အချက်အလက်များက ကုလားပဲထွက်ရှိမှုမှာ ယခင်နှစ်ကထက် လျော့နည်းလျက်ရှိသည်ကို ညွှန်ပြနေကြောင်းဖြင့် ပြောဆိုပါသည်။
နိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်သော NAFED သည် ၂၀၂၂-၂၃ ခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုး ထွက်ရှိသည့် သီးနှံများအား ဈေးကွက်တင်ရောင်းချသည့် ရာသီကာလအတွင်း ကုလားပဲတန်ချိန် ၂၃.၅ သိန်းခန့်ကို အရန်ရိက္ခာအဖြစ် ဝယ်ယူစုဆောင်းခဲ့သည်။ IGrain India ပဲမျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီမှ သုတေသီ Rahul Chauhan က NAFED လက်ဝယ်တွင် ယခင်နှစ် လက်ကျန်ပမာဏ တန်ချိန် ၁၄ သိန်း အပါအဝင် ဈေးကွက်သို့ရောင်းချပေးနိုင်သည့် ကုလားပဲတန်ချိန် ၃၇.၅ သန်းခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း၊ လက်ရှိဈေးကွက်၌ ကုန်ပြတ်လပ်သည့် အခြေအနေရှိဟန်တူကြောင်း၊ NAFED ၏ ကုလားပဲ အမြောက်အမြား ဝယ်ယူမှုကြောင့် ယခုနှစ်တွင် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူစုဆောင်းနိုင်ခြင်းမရှိကြောင်း၊ အလားတူ ပဲခွဲစက်လုပ်ငန်းများထံ၌လည်း ကုလားပဲလက်ကျန် များပြားမှု မရှိကြောင်း၊ အကျိုးဆက်အားဖြင့် ဝယ်လိုအားမြင့်တက်မှုနှင့်အတူ ကုလားပဲ ၁ ကွင်တယ်လျှင် ရူပီးငွေ ၁၀၀၀ မှ ၁၂၀၀ အတွင်း ဈေးနှုန်းများ တဖြည်းဖြည်း ပိုမိုလာခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
Indore မြို့အခြေစိုက် အိန္ဒိယအမှုန့်ကြိတ်စက်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ Suresh Agarwal က ကုလားပဲထွက်ရှိမှုမှာ အစိုးရ၏ခန့်မှန်းချက် တန်ချိန် ၁၃၅.၄၃ သိန်းအောက် လျော့ နည်းလျက် တန်ချိန် သိန်း ၉၀ မှ ၉၅ သိန်းအတွင်းသာ ရှိနိုင်ကြောင်း၊ မဒ္ဒရာပရာဒေ့ရှ်နှင့် ရာဂျပ်စတန်ပြည်နယ်များရှိ ကုန်အဝယ်ဒိုင် အများအပြားတွင် လွန်ခဲ့သော ၁၀ - ၁၂ ရက်ခန့်အတွင်း ကုလားပဲ ၁ ကွင်တယ်လျှင် ရူပီး ၈၀၀ ခန့် ဈေးပိုမိုလာပြီး ရူပီး ၅၉၀၀ မှ ၆၁၀၀ အကြား ဈေးနှုန်း များဖြင့် ရောင်းဝယ်မှုရှိကြောင်း၊ ပြည်နယ်များစွာတွင် ပြည်သူ့ဖြန့်ဖြူးရေးစနစ်အောက်၌ ကုလားပဲ များကို ဖြန့်ဝေလျက်ရှိခြင်းက ဈေးနှုန်းကွဲပြားမှုဖြစ်ပေါ်စေကြောင်း ပြောဆိုပါသည်။
အမျိုးသား လယ်ယာထွက်ကုန် သမဝါယမဈေးကွက်မြှင့်တင်ရေး အဖွဲ့ချုပ် (NAFED) သည် အရန်ရိက္ခာ သိုလှောင်ထားရှိမှုမှ နှစ်ဟောင်းကုလားပဲ ကုန်လက်ကျန်များကို အိန္ဒိယပြည်တွင်း နေရာဒေသ အနှံ့အပြား၌ စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
Source: The Hindu Business Line, 20 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)