ထိုင်းနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်က လယ်ယာမြေဧက ၆.၅ သန်းကျော်အား ထိခိုက်နိုင်ဖွယ်ရှိ

Powered by Drupal

ထိုင်းနိုင်ငံ၌ ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန် ရရှိမှု လျော့ကျလျက် နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေဧရိယာ ရိုင်ပေါင်း ၁၆.၅ သန်းခန့် (ဧက ၆.၅၂၃၅ သန်းခန့်) အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အဆိုပါ ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Apai Sutthisang က အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကို နိုဝင်ဘာလမှ စတင်ကြုံတွေ့ရမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် လာမည့်ခြောက်သွေ့ရာသီကာလနှင့်စပ်လျဉ်း၍ စိုးရိမ်မှုရှိကြောင်း၊ တော်ဝင်ဆည်မြောင်းဌာန၏ ခန့်မှန်းချက်အရ ယခုနှစ် မိုးရာသီကုန်ဆုံးချိန် နိုဝင်ဘာလ၌ အဓိကဆည်တာတမံပေါင်း ၃၅ ခုတွင် ရေ သိုလှောင်နိုင်မှုမှာ ကုဗမီတာပေါင်း ၂၂.၈ ဘီလီယံခန့်ရှိမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကုဗမီတာပေါင်း ၁၃ ဘီလီယံခန့် လျော့နည်းမည်ဖြစ်ကြောင်း၊ လက်ရှိ မိုးရွာသွန်းမှုပုံစံအတိုင်း ဆက်လက် ဖြစ်ပေါ်နေပါက နိုဝင်ဘာလတွင် နိုင်ငံ၏ အကြီးဆုံးဆည်ကြီး ၄ ခု၌ စုစုပေါင်း ရေသိုလှောင်နိုင်မှုမှာ ကုဗမီတာပေါင်း ၆.၈ ဘီလီယံခန့်သာ ရရှိနိုင်ပြီး ယခင်နှစ်ကာလတူ ပမာဏ ကုဗမီတာပေါင်း ၇.၇ ဘီလီယံအောက်သို့ ကျဆင်းမည်ဖြစ်ကြောင်း၊ အကျိုးအားဖြင့် ကျောက်ဖယားမြစ်ဝှမ်းဒေသအတွင်း ပြည်နယ် ၂၂ ခုရှိ လယ်ယာမြေ ရိုင် ၇.၃ သန်းအပါအဝင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေဧရိယာ ရိုင်ပေါင်း ၁၆.၅ သန်းခန့်အပေါ် ထိခိုက်မှုရှိမည်ဖြစ်ကြောင်း၊ ရာသီဥတု ခြောက်သွေ့မှုကို ရင်ဆိုင်နိုင်ရန်အတွက် အာဏာပိုင်အဖွဲ့အစည်းများသည် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။

ထိုင်းအစိုးရအနေဖြင့် ဒုတိယစပါးသီးထပ် စိုက်ပျိုးမှုအစား ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ပဲမျိုးစုံအား ပြောင်းလဲစိုက်ပျိုးခြင်းကို ပထမအဆင့်အဖြစ် တွန်းအားပေး လုပ်ဆောင်လျက်ရှိပြီး ဒုတိယအဆင့်၌ ထိခိုက်မှုဖြစ်ပေါ်မည့် ဆည်ရေ သောက် စိုက်ပျိုးမြေများသို့ အခြားသော ရေအရင်းအမြစ်များမှ ပေးဝေနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ထိုင်းစိုက်ပျိုးရေး ဝန်ကြီးဌာနသည် သီးထပ်စပါး စိုက်ပျိုးနိုင်မှုမရှိသော နယ်မြေဒေသများတွင် အခြားသော အလုပ်အကိုင်များ ရရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ နောက်ဆုံးအစီအမံအဖြစ် နောက်လာမည့် မိုးရာသီတွင် ရေစုဆောင်းသိုလှောင်မှုကို ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိကာလတွင် နခွန်ရတ်ချာစီမာ ခရိုင်ရှိ Lam Takhong ဆည်တွင် ရေသိုလှောင်ထား ရှိမှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ကျဆုံးသို့ ရောက်ရှိလျက် ရေကုဗမီတာပေါင်း ၁၃၃ သန်း သို့မဟုတ် သိုလှောင်နိုင်စွမ်း၏ ၄၂% သာရှိကြောင်း၊ ဆည်ရေပေးဝေရေးနှင့် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး Yutthasart Teerawattana ၏ ပြောကြားချက်အရ အဆိုပါ အခြေအနေသည် ကျေးရွာ ၁၀ ခုရှိ စိုက်ပျိုးမြေ ဧရိယာ ၂၇၇၀၀၀ ရိုင် အပေါ် သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။

Source: Bangkok Post, 23 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)