ကြက်သွန်နီတင်ပို့မှုအပေါ် အိန္ဒိယအစိုးရက အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်

Powered by Drupal

ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာသဖြင့် ပြည်ပသို့ တင်ပို့မှု ကို လျှော့ချရန်နှင့် ပြည်တွင်းဈေးကွက်၌ ရောင်းလိုအား တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအပေါ် အခွန် ၄၀% သတ်မှတ်လျက် ၃၁-၁၂-၂၀၂၃ နေ့အထိ ကောက်ခံမည်ဖြစ်ပြီး ချက်ခြင်းအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁၉-၈-၂၀၂၃ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ စားသုံးသူစျေးဆနှုန်းကိန်း (CPI) ကို အခြေခံ၍ လက်လီဈေးနှုန်းဖောင်းပွမှု တွက်ချက်ခြင်းစနစ်တွင် လည်းကောင်း၊ စားသုံးသူ စားသောက်ကုန်စျေးနှုန်းအညွှန်းကိန်း (CFPI) ကို အခြေခံ၍ အစားအစာ လက်လီဈေးနှုန်းဖောင်းပွမှု တွက်ချက်ခြင်းစနစ်၌ လည်းကောင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် အာလူးတို့သည် အဓိကပါဝင်လျက်ရှိသည်။ ၎င်းသီးနှံ ၃ မျိုး၏ ဈေးနှုန်းများ သိသာစွာ မြင့်တက်လာခဲ့မှုကြောင့် လက်လီဈေးနှုန်းဖောင်းပွမှုသည် ဇူလိုင်လတွင် ၁၄ လ အတွင်း အမြင့်ဆုံးအဖြစ် ၇.၄၄% နှင့် အစားအစာ လက်လီဈေးနှုန်းဖောင်းပွမှုသည် ၃၉ လအတွင်း အမြင့်ဆုံးအဖြစ် ၁၁.၅% အထိ အသီးသီးမြင့်တက်လာခဲ့သည်။

ငွေကြေးဖောင်းပွမှုအချက်အလက်များအရ ကြက်သွန်နီ၏ ဈေးနှုန်းဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်၊ ပထမ ၅ လအတွင်း အနုတ်လက္ခဏာရှိနေခဲ့သော်လည်း ဇူလိုင်လတွင် ၁၁.၇% ဖြင့် စံချိန်တင် မြင့်တက်လျက် အပေါင်းလက္ခဏာသို့ ပြောင်းရွှေ့သွားခဲ့ရာ ယခုကဲ့သို့ ပို့ကုန်အခွန်စည်းကြပ်ခြင်းသည်  ဈေးနှုန်းဖောင်းပွမှုများကို ထိန်းသိမ်းရန် အစိုးရ၏ ခြေလှမ်းတစ်ခုဖြစ်သည်။

ယခုလအစောပိုင်း သြဂုတ်လ ၁၀ ရက်နေ့တွင် စားသုံးသူရေးရာ အတွင်းဝန် Rohit Kumar Singh ဦးဆောင်လျက် နိုင်ငံပိုင်ကော်ပိုရေးရှင်းများဖြစ်သည့် NAFED နှင့် NCCF တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများပါဝင် ကျင်းပခဲ့သည့်အစည်းအဝေး၌ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အရန်ရိက္ခာ ကြက်သွန်နီလက်ကျန် တန်ချိန် ၃ သိန်းမှ စတင်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသော ပျမ်းမျှလက်လီဈေးနှုန်းထက် မြင့်တက်နေသည့် ပြည်နယ် သို့မဟုတ် ဒေသကြီးများ၏ အဓိကစျေးကွက်ကြီးများသို့ လျာထားရောင်းချပေးခြင် ဖြစ်ကြောင်း၊ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်မှု၌ အခြေအနေပေးပါက ကြက်သွန်နီများ ဆက်လက် သိုလှောင်နိုင်ရေး ဝယ်ယူမှုများကို ပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 19 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)