အစိုးရ၏ ကြက်သွန်နီတန်ချိန် ၂သိန်း ဝယ်ယူမည့် အစီအစဉ်သည် အကူအညီမဖြစ်ကြောင်း အိန္ဒိယ တောင်သူနှင့် ကုန်သည်များက ပြောကြား

Powered by Drupal

အမျိုးသားသမဝါယမ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးအဖွဲ့ (National Cooperative Agricultural Marketing Federation - NAFED) နှင့် အမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ (National Cooperative Consumers Federation- NCCF) တို့သည် မဟာရဋ္ဌပြည်နယ်မှ ကြက်သွန်နီတန်ချိန် ၂ သိန်း ၀ယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခဲ့အပြီးတွင် ၎င်းပြည်နယ်ရှိ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးကော်မတီ (APMC) ကုန်စည်ဒိုင်အချို့မှ ကုန်သည် များသည် အစိုးရ၏ ကြက်သွန်နီ လေလံရောင်းချမှုကို သပိတ်မှောက်ခဲ့ကြသည်။

သို့သော် လယ်သမားများနှင့် ကုန်သည်များကမူ မီးဖိုချောင်သုံး အခြေခံစားကုန်များအပေါ် ပို့ကုန်အခွန် ၄၀% စည်းကြပ်မည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးရန် ခိုင်မာစွာ တောင်းဆိုခဲ့ကြသည်။ အစိုးရကမူ ကြက်သွန်နီ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၄၁၀ နှုန်းဖြင့် ဝယ်ယူမည်ဟု ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ကြေညာခဲ့သည်။

တနင်္လာနေ့မှစတင်၍ ကြက်သွန်နီ လေလံတင်ရောင်းချမှုကို သပိတ်မှောက်ခဲ့သော ကုန်သည်များက ယခုကဲ့သို့ ပို့ကုန်အခွန်စည်းကြပ်မှုမှာ ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာဈေးကွက်အပေါ် ရေရှည်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်းဖြင့် ပြော ကြားခဲ့သည်။ နွေကြက်သွန်နီ ထုတ်လုပ်မှုနှုန်းအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဩဂုတ်လ ၁၉ ရက် နေ့တွင် အစိုးရက ပြည်ပသို့ တင်ပို့ခြင်းကို ကန့်သတ်ရန်နှင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်မှု တိုးမြှင့်စေရန် ရည်ရွယ်၍ ကြက်သွန်နီအပေါ် ပို့ကုန်အခွန် ၄၀% ချမှတ်ခဲ့ခြင်းနှင့်အတူ အရန်ရိက္ခာသိုလှောင်မှုအတွက် တောင်သူများထံမှ ကြက်သွန်နီ တန်ချိန် ၂ သိန်းကို ထပ်မံဝယ်ယူရန်လည်း တပြိုင်နက်တည်း ဆုံးဖြတ်ခဲ့သည်။

ယခင် စိုက်ပျိုးရေးဝန်ကြီးဟောင်း Sharad Pawar က အစိုးရ၏ ကြက်သွန်နီဝယ်ယူရန် ဆုံးဖြတ်ချက်သည် ပို့ကုန်အခွန်ကောက်ခဲခြင်းအား ရုပ်သိမ်းမည့်အချိန်အထိ များစွာအထောက်အကူဖြစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း မဟာရဋ္ဌပြည်နယ်ဝန်ကြီးချုပ် Eknath Shinde ကမူ အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကာ လယ်သမားများအား လှုပ်ရှားမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အစိုးရ၏ ကြက်သွန်နီဝယ်ယူမှုသည် အင်္ဂါနေ့တွင် စတင်ခဲ့ရာ ဝယ်ယူရေးဗဟိုဌာနရှိရာ Nashik ဒေသမှ တောင်သူလယ်သမားတစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့အနေဖြင့် အခြားရွေးချယ်စရာများ မရှိခဲ့၍ အစိုးရထံ ကြက်သွန်နီကို လာရောက်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် လယ်သမားများအား ခေါင်းပုံဖြတ်ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

FarMart ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိဖြစ်သူ Alekh Sanghera က အိန္ဒိယသည် ကမ္ဘာ့အဓိက ကြက်သွန်နီထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံဖြစ်ရာ ၂၀၂၂ ခုနှစ်၌ ပို့ကုန် တန်ဖိုး ဒေါ်လာသန်း ၅၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊  ယခုစည်းကြပ်မှုသည် ပို့ကုန်စျေးကွက်ကို ထိခိုက်ပြီး ကုန်သည်များအတွက် ထောက်ပံ့ရေးကွင်းဆက်များကို အဟန့်အတားဖြစ်စေကြောင်း၊ ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအပေါ် အလွန်အမင်းမှီခိုနေရသည့် လယ်သမားများ၏ အသက်မွေး ဝမ်းကြောင်းမှုကို ခြောက်လှန့်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်ဖက်နိုင်ငံများဖြစ်သည့် နယ်သာလန်၊ မက္ကဆီကိုနှင့် တရုတ်တို့အတွက် အကျိုးမြတ်ဖြစ်စေနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယ၏ ကြက်သွန်နီကို အားကိုးနေရသည့် ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာ ကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံရေးပြဿနာများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ယခုဆုံးဖြတ်ချက်ကြောင့် သက်ရောက်မှုနယ်ပယ်မှာ ကျယ်ပြန့်သွားကာ စီးပွားရေးမူဝါဒများ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အကြား ရှုပ်ထွေးမှုများဖြစ်ပေါ်စေဖို့ မီးမောင်းထိုးပြလျက်ရှိကြောင်းဖြင့်  Alekh Sanghera ထပ်မံပြောကြားခဲ့သည်။

Source: The Hindu Business Line, 23 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)