ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် ၄ဝ% ကောက်ခံရန် အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်မှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်စေခဲ့ရာ ကြက်သွန်နီတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အခွန်များအားလုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားရန် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုနှင့်အကောက်ခွန်ကော်မရှင် (BTTC) က အခွန်ဌာနသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံက တင်ပို့ခွန်ကောက်ခံလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ယခင်က တစ်တန်လျှင် ဒေါ်လာ ၂၈ဝ-၃ဝဝ ရှိရာမှ တစ်တန်လျှင် ဒေါ်လာ ၄ဝဝ-၄၂ဝ သို့မြင့်တက်ရောက်ရှိခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီကုန်သည်များမှာ အကောက်ခွန် ၅% အပါအဝင် တင်သွင်းမှု အခွန်စုစုပေါင်း ၁ဝ% ပေးဆောင်နေရပြီး ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီများမှာ တဖြည်းဖြည်းပြတ်လပ်လာမှုကြောင့် နှစ်စဉ် ဩဂုတ်လမှ ဇန်နဝါရီလအထိ ကာလအတွင်း ပြည်ပမှ ကြက်သွန်နီကို တင်သွင်းရန် ဝယ်လိုအားမှာ မြင့်တက်လေ့ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယ၏ ကြက်သွန်နီ တင်ပို့မှုအပေါ် အခွန်ကောက်ခံခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများအပေါ် သက်ရောက်မှုဖြစ်စေကြောင်း၊ ဤအခြေအနေတွင် ကြက်သွန်နီ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုလျက် မြန်မာ၊ တူရကီနှင့် အီဂျစ်နိုင်ငံများမှ ကြက်သွန်နီများကို တင်သွင်းသွားရန် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဈေးနှုန်းများကို တည်ငြိမ်စေရန် ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း BTTC မှ အခွန်ဌာနသို့ ပေးပို့စာတွင် ဖော်ပြခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီစားသုံးရန် လိုအပ်ချက်၏ ၇၅% ကို ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုမှ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်ရှိသည့်ပမာဏအတွက် ပြည်ပနိုင်ငံများ အထူးသဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ ပြည်တွင်းထွက် ကြက်သွန်နီမှာ ဩဂုတ်လ ၁၉ ရက်နေ့တွင် တစ်ကီလိုဂရမ်လျှင် ၈၅ တာကာ ရှိရာမှ အိန္ဒိယက ပို့ကုန်အခွန် ချမှတ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်နေ့၌ တစ်ကီလိုဂရမ်လျှင် တာကာ ၉ဝ သို့ မြင့်တက်ခဲ့ကြောင်း၊ ပြည်ပမှ တင်သွင်းသော ကြက်သွန်နီများ၏ ဈေးနှုန်းမှာ လတ်တလောကာလများအတွင်း မြင့်တက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကော်ပိုရေးရှင်း၏ စာရင်းဇယားများအရ ဒါကာမြို့တွင် ဩဂုတ် လ ၁၉ ရက်နေ့၌ တစ်ကီလိုဂရမ်လျှင် တာကာ ၆ဝ ရှိရာမှ ၁၇ ရာခိုင်နှုန်းမြင့်တက်လျက် တာကာ ၇ဝ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star, 22 August 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)