ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (ITD) သည် စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထုပ်ပိုးထားသောဆန်များ၏ ဈေးနှုန်းများ တိုးမြှင့်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းပေးရန် ထိုင်းဆန်ထုပ်ပိုးသူများအသင်းနှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းများအား တိုက်တွန်းပြောကြားခဲ့သည်။
ITD ၏ ညွန်ကြားရေးမှူးချုပ် Wattanasak Sur-iam နှင့် ထိုင်းဆန်ထုပ်ပိုးသူများအသင်းတို့၏ ၁၇-၈-၂၀၂၃ ရက်နေ့(ကြာသပတေးနေ့)တွင် တွေ့ဆုံဆွေးနွေးခဲ့မှုအရ ဆန်စက်လုပ်ငန်းရှင်များထံမှ ဝယ်ယူသည့်ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ထိုင်းဆန်ထုပ်ပိုးသူများ အသင်းသည် ဆန်တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၃ ဘတ် ထပ်မံတိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ညွန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ITD နှင့် ထိုင်းဆန်ထုပ်ပိုးသူများ အသင်း နှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းများအကြား လက်ရှိကာလတွင် ထုပ်ပိုးသောဆန်များ၏ ဈေးနှုန်းကို တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းသည် ထိုင်းဆန်ထုပ်ပိုးသူများအသင်းသို့ ဈေးကွက်အတွင်း ဆန်ရောင်းလိုအား ပြည့်မီစေရန် ဆန်ကိုပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အကယ်၍ ထုပ်ပိုးထားသောဆန်များ၏ ဈေးနှုန်းများကို မဖြစ်မနေ မြှင့်တင် ရောင်းချရမည်ဆိုပါက ဌာနအနေဖြင့် အသင်းအဖွဲ့ (၂) ခုနှင့်ပူးပေါင်း၍ ကိုယ်ပိုင်အမှတ်တံဆိပ် “Blue Flag” ဖြင့် ထုပ်ပိုးထားသောဆန်များကို လျော့နည်းသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ လက်ရှိကာလတွင် Hom Mali ထုပ်ပိုးထားသော ဆန်များ၏ ပျှမ်းမျှဈေးနှုန်းမှာ ၅ ကီလိုဂရမ်လျှင် ထိုင်းဘတ် ၂၁ဝ ရှိပြီး ၁ဝဝ ရာခိုင်နှုန်း ထုပ်ပိုးထားသော ဆန်ဖြူဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၁၇.၉၄ ဘတ်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Thai PBS World, 18 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)