အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မိုးသီးနှံများအထွက်လျော့ကျမည်ဟု အိန္ဒိယအစိုးရခန့်မှန်း

Powered by Drupal

   အိန္ဒိယနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်တိုက် ခတ်မှု ပြောင်းလဲခြင်းသည် ၂၀၂၃-၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း မိုးသီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိပြီး သီးနှံအများအပြားသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အထွက်ကျဆင်း ဖွယ်ရှိကြောင်း ၂၇-၁၀-၂၀၂၃ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ယခုနှစ် မိုးသီးနှံများအတွက် ကနဦးအထွက်ပမာဏ ပထမအကြိမ် ခန့်မှန်းချက်များအရ သိရှိရသည်။

  အိန္ဒိယအစိုးရသည် ၂၀၂၃-၂၄ ခုနှစ် မိုးသီးနှံရာသီအတွင်း ဆန်တန်ချိန် ၁၁၁ သန်း အပါ အဝင် ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၅၈.၀၆ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။ ယခု ပထမအကြိမ် ခန့်မှန်းချက်များအရ မိုးရာသီ ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၄၈.၅၇ သန်းခန့်သာ ထွက်ရှိဖွယ်ရှိရာ ယခင်နှစ် စိုက်ပျိုးထုတ်လုပ်နိုင်မှု တန်ချိန် ၁၅၅.၇၁ သန်းအပေါ် ၄.၆% ကျဆင်းမည်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်၌ ဆန်တန်ချိန် ၁၁၀.၅၁ သန်းထွက်ရှိ မှုနှင့် နှိုင်းယှဉ်ပါက ၃.၈% လျော့နည်းလျက် ယခုနှစ်တွင် တန်ချိန် ၁၀၆.၃၁ သန်းခန့်သာ ထွက်ရှိနိုင် ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 အဓိကမိုးသီးနှံဖြစ်သော စပါးအား စိုက်ပျိုးမှုဧရိယာသည် ယခင်နှစ်ထက် ဟက်တာ ၂ သိန်း ခန့် ပိုမိုသော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ်လသည် ၁၉၀၁ ခုနှစ်နောက်ပိုင်း၌ အခြောက်သွေ့ဆုံး ကာလဖြစ်ပေါ်ခဲ့ခြင်းက မိုးရေချိန်ရရှိမှုအပေါ် မှီခိုနေရသည့် နေရာဒေသများစွာတွင် စိုက်ပျိုးမှုကို ထိခိုက်စေပြီး အထွက်လျော့နည်းမှုသို့ ဦးတည်လျက်ရှိကြောင်း ဌာနဆိုင်ရာ အရာရှိများက ပြော ဆိုကြပါသည်။

 ယခုနှစ် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုမှာ နောက်ကျမှုရှိပြီး ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ၏ နေရာဒေသအချို့၌ မိုးသည်းထန်မှုဖြစ်ပေါ်လျက် ဩဂုတ်လတွင် မိုးရွာသွန်းမှုမှာ ၃၂% လျော့နည်းခဲ့သည်။ စက်တင်ဘာလ၌ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့၌ ပြန်လည်ထွက်ခွာခဲ့သော ၂၀၂၃ ခုနှစ် မုတ်သုံရာသီကာလအတွင်း မိုးရွာ သွန်းမှုမှာ ပုံမှန်အောက် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၌ ကာလရှည် ခြောက်သွေ့မှု ရာသီသည် စက်တင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ပြီး အမေရိကန် မိုးလေဝသအေဂျင်စီဖြစ်သော NOAA က သမုဒ္ဒရာ ရေထု ပူနွေးမှုဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံဧရိယာ၏ ၂၁% ခန့်၌ ခြောက်သွေ့မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ရာသီဥတုပြောင်းလဲသည့် အခြေအနေများကြောင့် ယခုနှစ် မိုးသီးနှံရာသီအတွက် ပဲမျိုးစုံထွက်ရှိမှုမှာ ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၇.၆၂ သန်းအောက် ၆.၆% ကျဆင်းလျက် တန်ချိန် ၇.၁၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ ပဲတီစိမ်းထွက်ရှိနိုင်မှုကို ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၂ သန်းအောက် ၁၈% လျော့နည်းလျက် တန်ချိန် ၁.၄၁ သန်း၊ မတ်ပဲအထွက်ပမာဏအား ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၇ သန်းအောက် ၁၄.၇% လျှော့ချ လျက် တန်ချိန် ၁.၅၁ သန်း အသီးသီးထွက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ သို့သော် ယခင်နှစ်စိုက်ပျိုးမှုဧရိယာအောက် ၅% ခန့်လျော့ကျလျက် ယခုနှစ် မိုးရာသီတွင် ဟက်တာ ၄၃.၈၇ သိန်း ခန့်သာ စိုက်ပျိုးထားနိုင်ခဲ့သည့် ပဲစင်းငုံကိုမူ ယခင်နှစ်အထွက်ပမာဏ တန်ချိန် ၃.၃၁ သန်းထက် ၃.၃% ပိုမိုပြီး တန်ချိန် ၃.၄၂ သန်းထွက်ရှိနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။

  စက်မှုကုန်ကြမ်း သီးနှံများတွင် ကြံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်က တန်ချိန် ၄၉၀.၅၃ သန်းရှိရာမှ ယခုနှစ်၌ ၁၁.၄% ကျဆင်းလျက် တန်ချိန် ၄၃၄.၇၉ သန်း၊ ဝါသီးနှံသည် ၂၀၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်ခဲ့သော ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ် ၃၃.၆၆ သန်းမှ ၅.၉% လျော့ကျပြီး ဘေထုပ် ၃၁.၆၆ သန်းခန့်နှင့် ဂုန်လျှော်သည် ၁၈၀ ကီလိုဂရမ်ဝင် ဘေထုပ် ၉.၃၉ သန်းမှ ၂.၁% လျော့ကျပြီး ဘေထုပ် ၉.၁၉ သန်းခန့် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

  ပဲပုတ်အဓိကစိုက်ပျိုးသော မဒ္ဒရာပရာဒေ့ရှ်နှင့် မဟာရဋ္ဌ ပြည်နယ်များတွင် ဩဂုတ်လ၌ ကာလကြာရှည်စွာ ခြောက်သွေ့မှုနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆီထွက်သီးနှံ ထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၂၆.၁၅ ထွက်ရှိရာမှ ယခု ၁၇.၇% လျော့ကျလျက် တန်ချိန် ၂၁.၅၃ သန်းခန့်သာ ရရှိနိုင်ကြောင်း၊ ပဲပုတ်အထွက်ပမာဏသည် တန်ချိန် ၁၄.၉၉ သန်းမှ ၂၃.၁% ကျဆင်းပြီး တန်ချိန် ၁၁.၅၃ သန်းသို့ လည်းကောင်း၊ မြေပဲသည် တန်ချိန် ၈.၅၆ သန်းမှ ၈.၅% လျော့ကျပြီး တန်ချိန် ၇.၈၃ သန်းသို့လည်းကောင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် ဂျိုဝါ၊ ဘာဂျရာ၊ ရာဂီအစရှိသော နှံစားပြောင်းမျိုးစုံ၏ အသေးစိတ် အထွက်ပမာဏခန့်မှန်းချက်ကို ထုတ်ပြန်ခြင်းမပြုသော်လည်း မိုးရာသီ နှံစားသီးနှံများ ထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၃၇.၅၈ သန်းရှိရာမှ ၆.၅% ကျဆင်းလျက် ယခုနှစ်တွင် တန်ချိန် ၃၅.၁၄ သန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ၎င်းတို့အနက် အစေ့ထုတ်ပြောင်းသည် တန်ချိန် ၂၃.၆၇ သန်း ထွက်ရှိခဲ့ရာမှ ၅% လျော့ကျပြီး တန်ချိန် ၂၂.၄၈ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Source: The Hindu Business Line, 28 Oct 2023