၂၀၂၃-၂၄ ဈေးကွက်ရာသီ၌ သကြားအထွက်ကျဆင်းမည်ဟု အိန္ဒိယလုပ်ငန်းရှင်များ ခန့်မှန်း

Powered by Drupal

   အိန္ဒိယနိုင်ငံ၌ ယခုနှစ် အောက်တိုဘာလမှ စတင်သည့် သကြားစျေးကွက်တင်ရောင်းချမှု ရာသီအတွက် ယခင်နှစ် ထုတ်လုပ်မှုအောက် ၉% ကျဆင်းလျက် စုစုပေါင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၃၇ သိန်းခန့်ရှိမည်ဟု အိန္ဒိယသကြားစက်ရုံများအသင်းက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

  အိန္ဒိယ၏ ပြည်တွင်း သကြားစားသုံးမှုမှာ ပျမ်းမျှအားဖြင့် တန်ချိန် ၂၇၈.၅ သိန်းရှိသဖြင့် ယခုထုတ်လုပ်မှု ခန့်မှန်းချက် တန်ချိန် ၃၃၇ သိန်းသည် ပြည်တွင်းဝယ်လိုအားအတွက် လုံလောက်သည်ဟု အာမခံပါကြောင်း၊ အဆိုပါ ပမာဏတွင် အီသနောထုတ်လုပ်မည့် သကြားပမာဏ ပါဝင်ခြင်းမရှိသေးကြောင်း၊ ဒီဇင်ဘာလတွင် စတင်မည့် ၂၀၂၃-၂၀၂၄ အီသနောထောက်ပံ့ရေးနှစ် အတွက် အီသနောကုန်ကြမ်းနှင့်စပ်လျဉ်း၍ အီသနောဝယ်ယူရေး စျေးနှုန်းလွှာကို ထုတ်ပြန်ကြေ ညာပြီးသည့်နောက်မှသာ သကြားမှအီသနောသို့ ကူးပြောင်းမှုကို ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကြံစိုက်ဧကစုစုပေါင်းမှာ ၂၀၂၃-၂၄ ခုနှစ်တွင် ဟက်တာ ၅၇ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အိန္ဒိယသကြားစက်ရုံများအသင်းက ဖော်ပြထားသည်။

  အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ခုနှစ်တွင် သကြားတန်ချိန် ၁၁၂ သိန်းကို စံချိန်တင် တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂-၂၃ ခုနှစ် သကြားဈေးကွက်ရာသီအတွင်း သကြားတန်ချိန် ၆၁ သိန်းမျှသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွက် အစိုးရက တင်ပို့ခွင့်မပြုသေးကြောင်းဖြင့် သိရှိရပါသည်။

Source: Economic Times, 31 Oct 2023