ဗီယက်နမ်မှ တရုတ်သို့ ဆန်တင်ပို့မှု တိုးမြှင့်မည်

Powered by Drupal

    ဗီယက်နမ်ဆန်များအား တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှုအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Tran Quoc Toan ဦးဆောင်လျက် ဆန်တင်ပို့သည့် ဗီယက်နမ်ကုမ္ပဏီ ၁၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ခရီးစဉ်အတွင်း ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးအသင်းနှင့် Xinfadi Group တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ်စား လှယ်အဖွဲ့သည် တရုတ်နိုင်ငံ မြောက်ပိုင်းနယ်မြေဒေသများနှင့် ဆန်ရောင်းဝယ်ကုန်သွယ်ရန် အဆို ပြုခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံရှိ ဆန်စပါးလုပ်ငန်းရှင်များ အပါအဝင် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ အေဂျင်စီများနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်ဆန်များအား တရုတ်နိုင်ငံသို့တင်ပို့မှု မြှင့်တင်ရန်နှင့် ပေါ်ပေါက်လာနိုင်သည့် ပြသနာရပ်များကို ပူးပေါင်းဖြေရှင်းနိုင်ရန်အတွက် သတင်း အချက်အလက် ဖလှယ်သည့် လမ်းကြောင်းများကို ထူထောင်လျက် ကုန်သွယ်ရေး အထောက်အကူပြု လုပ်ငန်းများကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗီယက်နမ် ဆန် စပါးထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၏ သမားရိုးကျလက်လီရောင်းချမှုနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းများသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရေး အထောက်အပံ့ပြုမည့် ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန်အတွက်လည်း နှစ်နိုင်ငံဘက်မှ စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် Vietnam Economic News သတင်းဌာနက ဖော်ပြထားသည်။

     ဗီယက်နမ်မှ တရုတ်သို့ ဆန်တင်ပို့မှုမှာ မကြာသေးမီနှစ်များအတွင်း ပိုမိုတိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ ဆန်တင်သွင်းမှု စုစုပေါင်းတွင် ၂၀% ခန့်ကို ဈေးကွက်ဝေစုရယူထားသည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ မှုမှာ တန်ချိန် ၈၃၄၂၀၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၃.၂ သန်းရရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၉ လတာအတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်ထံမှ တန်တန်ချိန် ၈၆၉၀၀၀ ခန့်ကို တင်သွင်းထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၄၁.၁% တိုးတက်လာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်ဈေးကွက်၌ ရေပန်းစားလူကြိုက်များသည့် ဆန်အမျိုးအစားများကို ပေးသွင်းနိုင်စွမ်းရှိပြီး အစဉ်အလာအားဖြင့် ကာလရှည်ကြာစွာ မိတ်ဖက်ဆောင်ရွက်မှုကို ထူထောင်ထားရှိနိုင်ခဲ့ကြောင်း သိရှိရသည်။