ကုန်လက်ကျန် များပြားမှုကြောင့် မလေးရှား စားအုန်းဆီ ဈေးနှုန်းကျဆင်း

Powered by Drupal

  တရုတ်နိုင်ငံ၏ ဝယ်လိုအားကျဆင်းမှုမှ ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းမှာ နည်းပါးမှုရှိခဲ့သော်လည်း အိန္ဒိယ၏ စားသုံးဆီတင်သွင်းမှု နိမ့်ကျခြင်းနှင့်အတူ မလေးရှားနိုင်ငံ၌  သိုလှောင်မှုများပြားခြင်းကြောင့် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းသည် ၃-၁၁-၂၀၂၃ ရက်၊ သောကြာနေ့တွင် အနိမ့်ဈေးဖြင့် ပိတ်သိမ်းခဲ့ကြောင်း Hellenic Shipping News က ဖော်ပြပါသည်။

   ဘာဆာမလေးရှား ကုန်စည်ဆင့်ပွားဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီလ၌ သင်္ဘောတင်ပို့မည့် စံပြုစားအုန်းဆီစာချုပ်တွင် စားအုန်းဆီကြမ်း ၁ တန်လျှင် ရင်းဂစ်ငွေ ၃၇၇၉ (၇၉၉.၆၂ ဒေါ်လာ) နှုန်းဖြင့် အပိတ်ဈေးရှိခဲ့ရာ ၁ တန်အပေါ် ၄ ရင်းဂစ်နှုန်း၊ သို့မဟုတ် ၀.၁% လျော့ကျလာခဲ့ခြင်းဖြစ်သည်။ အရောင်းစာချုပ်ချုပ်ဆိုမှုသည် ရက်သတ္တပတ် ၄ ပတ် ဆက်တိုက်မြောက် မြင့်တက်မှုအဖြစ် ယခုရက်သတ္တပတ်အတွင်း၌ ၀.၁% တိုးတက်ခဲ့သည်။

   တင်ပို့မှုထက် ထုတ်လုပ်မှုပမာဏက ပိုမိုခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ကုန်ဆုံးချိန်၌ မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှု လက်ကျန်ပမာဏသည် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ စစ်တမ်း၌ ဖော်ပြထားပါသည်။

   စားအုန်းဆီသန့်စင်ချက်လုပ်သည့် စက်ရုံများအနေဖြင့် လက်ဝယ်၌ ကုန်လက်ကျန်ပမာဏ များပြားမှုအရ ဝယ်ယူများလျှော့ချခဲ့ခြင်းကြောင့် အောက်တိုဘာလတွင် အိန္ဒိယ၏ စားသုံးဆီ တင်သွင်းမှုသည် ၁၆ လအတွင်း အနည်းဆုံးဖြစ်ခဲ့ကြောင်း လုပ်ငန်းရှင်များက ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။ အစဉ်အလာအရ စားအုန်းဆီကို ကြိုတင်ဝယ်ယူလေ့ရှိသော  တရုတ်နိုင်ငံ၏ ဒီဇင်ဘာလ သင်္ဘောတင်ပို့မှုအတွက် ဝယ်လိုအားသည်လည်း ကြီးမားမှုမရှိကြောင်း စင်ကာပူအခြေစိုက် Comglobal ကုမ္ပဏီက ပြောဆိုသည်။

    စားအုန်းဆီကုန်သွယ်မှု၌ အဓိကငွေကြေးတစ်ခုဖြစ်သော မလေးရှားရင်းဂစ်ငွေ၏ တန်ဖိုးသည် ဒေါ်လာငွေထက် ၀.၅% ပိုမိုအားကောင်းခဲ့ခြင်းကလည်း  နိုင်ငံခြားငွေကြေး ကိုင်ဆောင်သူများအတွက် စားအုန်းဆီ ဝယ်ယူရန် ဆွဲဆောင်နိုင်မှုကို လျော့နည်းစေခဲ့ကြောင်းဖြင့် ရိုက်တာ သတင်းဌာနကို ကိုးကားလျက် Hellenic Shipping News သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

Source: Hellenic Shipping News, 4 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန် များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)