ထိုင်းနိုင်ငံ၌ သကြားဈေးနှုန်းကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန်အတည်ပြုခဲ့

Powered by Drupal

    ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသည် ပြည်တွင်းသကြားဈေးနှုန်းများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်အတည်ပြုခဲ့ခြင်းကြောင့် စားသုံးသူများအတွက် သကြားတစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၂ ဘတ်နှုန်းဖြင့် မြင့်တက်လာကြောင်းဖြင့် Bangkok Post သတင်းစာဌာနက ဖော်ပြထားသည်။

    ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က သကြားဈေးနှုန်း တိုးမြှင့်မှုမှာ အာဏာတည်သက်ဝင်ပြီဖြစ်ကြောင်း၊ တိုးမြှင့်သည့်ဈေးနှုန်းမှာ ကြံနှင့်သကြားဘုတ်အဖွဲ့က တောင်းဆိုခဲ့သော ၄ ဘတ်နှုန်းမဟုတ်ပဲ တစ်ကီလိုဂရမ်လျှင် ၂ ဘတ်နှုန်းသာဖြစ်ကြောင်း ဖြင့် ပြောကြားပါသည်။

    သကြားဖြူ (Granulated White Sugar) အတွက် အတည်ပြုထားသော အများဆုံးလက်လီ ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၁၉ ဘတ်နှုန်း၊ သန့်စင်ပြီးသကြား (Refined White Sugar) သည် တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၂၀နှုန်းဖြစ်ပါသည်။ အစိုးရအဖွဲ့အနေဖြင့် ထုတ်လုပ်မှုစရိတ်ကို ကာမိစေရန်အတွက်သာ ဘတ်ငွေ ၂ ဘတ်နှုန်း အပိုတိုးမြှင့်ခြင်းကိုသာ အတည်ပြုခဲ့ခြင်း ဖြစ်ပြီး အဆိုပါနှုန်းထားအပြင် ကြံနှင့်သကြားဘုတ်အဖွဲ့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအတွက် ဘတ်ငွေ ၂ ဘတ် ထပ်မံတိုးမြှင့်ရန် တောင်းဆိုမှုကို ပယ်ချခဲ့ပါသည်။

    စားသုံးသူများအနေဖြင့် ရန်ပုံငွေသီးသန့်ပေးသွင်းရန်အတွက် အပိုနှုန်းထား ပေးဆောင်ရခြင်းမှာ သင့်တင့်မျှတမှု မရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သကြားထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများသည် မည်သူထံတာဝန်ရှိသည်ကို စဉ်းစားဖို့လိုအပ်ကြောင်းဖြင့် ဝန်ကြီး Mr Phumtham က ပြောကြားခဲ့သည်။

Source: Bangkok Post, 14 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)