ခွင့်ပြုကာလအတွင်း ဆန်များတင်သွင်းရေး လုပ်ငန်းရှင်များသို့ ဖိလစ်ပိုင်အစိုးရ တိုက်တွန်း

Powered by Drupal

  ကမ္ဘာ့ဆန်ထိပ်တန်းတင်သွင်းသည့် ဖိလစ်ပိုင်နိုင်ငံ၌ ရှေ့လာမည့် မတ်လ ရိတ်သိမ်းကာလ အထိ ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန်အတွက် ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းမှုကို ခွင့်ပြုအချိန် ၁ လတာအတွင်း အပြီးအပြတ်ဆောင်ရွက်ရန် သွင်းကုန် လုပ်ငန်းရှင်များသို့ အစိုးရက တိုက်တွန်းထားကြောင်း သိရှိရပါသည်။

    ကုန်သည်များ၏ တောင်းဆိုမှုအရ ထုတ်ပေးထားသည့် သွင်းကုန်ပါမစ်များကို ဓားစာခံ သဖွယ် ကိုင်စွဲထားလိုခြင်း မရှိသဖြင့် ၎င်းတို့အနေဖြင့် ခွင့်ပြုထားသော အချိန် ၁ လတာအတွင်း ဆန်များတင်သွင်းနိုင်ခြင်းမရှိပါက အဆိုပါ လိုင်စင်များကို ပယ်ဖျက်မည်ဖြစ်သည်ဟု သတိပေး တိုက်တွန်းထားကြောင်းဖြင့် ယခုလ၌ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာထံမှ စိုက်ပျိုးရေးအတွင်းဝန် တာဝန်ကို လွှဲပြောင်းလက်ခံခဲ့သော Francisco Tiu Laurel Jr. က ၂၁-၁၁-၂၀၂၃ နေ့၌ သတင်း ထုတ်ပြန်ရာတွင် ပြောကြားခဲ့ပါသည်။

   ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနအနေဖြင့် ယခင်နှစ်တင်သွင်းမှုပမာဏအောက် တန်ချိန် ၁ သန်း လျှော့ချလျက် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂.၈၆ သန်းခန့်ကို ပြည်ပမှ တင်သွင်းရမည်ဟု ခန့်မှန်းထားရာ ရှေ့လာမည့် ရက်သတ္တပတ်များ၌ တင်သွင်းမှုများကို ထပ်မံခွင့်ပြုတော့မည် မဟုတ် ကြောင်း၊ ပြည်တွင်း၌ စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု မက်ထရစ်တန်ချိန် ၁၉.၇၆ သန်းကို ကျော်လွန်လျက် ယခုနှစ်တွင် စပါးတန်ချိန် သန်း ၂၀ အထိ ထွက်ရှိနိုင်ကြောင်း၊ လက်ရှိကာလ၌ ရက်ပေါင်း ၈၀ အတွက် လုံလောက်စေမည့် ဆန်တန်ချိန် ၂.၉၈ သန်းကို သိုလှောင်ထားရှိပြီးဖြစ်ကြောင်း၊ သွင်းကုန်ပါမစ်ခွင့်ပြုထားသည့် ပမာဏအတိုင်း တင်သွင်းပြီးစီးပါက ရှေ့လာမည့် စပါးရိတ်သိမ်းရာသီ ကာလတိုင်အောင် ဆန်ရောင်းလိုအားအပိုင်းသည် အားကောင်းမှုရှိမည် ဖြစ်ကြောင်းဖြင့် အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Source: Bloomberg, 21 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)