ယခုနှစ်၌ ဆောင်းပဲနီလေး တန်ချိန် ၁.၆ သန်းထွက်ရှိမည်ဟု အိန္ဒိယအစိုးရ ခန့်မှန်း

Powered by Drupal

   အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးရာသီ၌ စိုက်ဧကတိုးချဲ့များပြားမှုအရ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်မြင့်တက်ပြီး တန်ချိန် ၁.၆ သန်းအထိ ထွက်ရှိနိုင်ကြောင်း အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh က ပြောကြားခဲ့ ပါသည်။

   ယခုနှစ်တွင် အိန္ဒိယ၏ ပဲနီလေး စိုက်ဧကများမှာ တိုးတက်လာခဲ့ရာ ကမ္ဘာပေါ်၌ အများဆုံး စိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်ကြောင်း၊ လက်ရှိ ဆောင်းသီးနှံရာသီမှ ပဲနီလေးတန်ချိန် ၁.၆ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ကုလားပဲနှင့် ပဲတီစိမ်းတို့၏ ဝယ်လိုအားအတွက် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်စွမ်းရှိသော်လည်း ပဲစင်းငုံနှင့် ပဲနီလေးတို့ကဲ့သို့သော အခြားပဲများကို လုံလောက်စွာ ထုတ်လုပ်နိုင်မှု မရှိသဖြင့် ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်၌ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံဖူလုံသည့်အဆင့် ရောက်ရှိအောင် ကြိုးပမ်းလျက်ရှိပြီး အချိန်ကာလတစ်ခုအထိ သွင်းကုန်အပေါ် မှီခိုနေရဦးမည်ဖြစ် ကြောင်းဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံ ညီလာခံ (Global Pulse Conference) အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲတစ်ရပ်ကို ၁၂-၁-၂၀၂၄ နေ့၌ ပြုလုပ်ခဲ့ရာတွင် အတွင်းဝန် Mr. Singh က ပြောဆိုခဲ့ခြင်းဖြစ်သည်။

   ယခုခန့်မှန်းချက်အတိုင်း ထွက်ရှိပါက ၂၀၁၇-၁၈ ခုနှစ် သီးနှံရာသီကာလအတွင်း ပဲနီလေး တန်ချိန် ၁.၆၂ သန်းခန့် ထုတ်လုပ်ခဲ့သည့်နောက်ပိုင်းတွင် ၂၀၂၃-၂၄ ခုနှစ် ပဲနီလေးထွက်ရှိမှုမှာ အမြင့်ဆုံး အခြေအနေရှိမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ သီးစိုက်ပျိုးရေးနှစ် သတ်မှတ်ချက်သည် ဇူလိုင်လမှ စတင်ပြီး နောက်နှစ် ဇွန်လတွင် ကုန်ဆုံးခြင်းဖြစ်သည်။

  အိန္ဒိယ ဌာနဆိုင်ရာအရာရှိများ၏ ပြောဆိုမှုအရ ပဲနီလေးအတွက် အစိုးရက အနိမ့်ဆုံးထား ဈေးပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) သတ်မှတ်ချက် သည် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၂၀၂၀-၂၁ ဈေးကွက်တင် ရောင်းချရေးနှစ်၌ ရူပီး ၅၁၀၀ နှုန်းရှိရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် ၆၄၂၅ ရူပီးနှုန်းသို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ MSP ဈေးနှုန်းကို ၂၆% ခန့် တိုးမြှင့်ခဲ့ခြင်းက ပဲနီလေးကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် တောင်သူများ၏ စိတ်ပါ ဝင်စားမှု ရရှိလာစေသည့် အဓိကအချက်တစ်ရပ်ဖြစ်ကြောင်း၊ လွန်ခဲ့သော လအနည်းငယ်တွင် ဈေးကွက်အတွင်း ပဲနီလေးဈေးနှုန်းသည် ၁ ကွင်တယ်လျှင် ရူပီး ၇၅၀၀ မှ ၈၀၀၀ အတွင်းသို့ ရောက်ရှိခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးမှုကို တွန်းအားဖြစ်စေခဲ့ကြောင်း၊ လက်ရှိကာလတွင်မူ MSP ဈေးနှုန်း၏ အောက်၌ ၁ ကွင်တယ်လျှင် ရူပီး ၆၁၀၀-၆၁၂၅ ခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

   အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံရာသီ စိုက်ပျိုးမှုများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး ပဲနီလေး စိုက်ဧရိယာမှာ ၁၂-၁-၂၀၂၄ နေ့အထိ ဟက်တာ ၁.၉၄ သန်း စိုက်ပျိုးပြီးဖြစ်ရာ  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၀.၁၁ သန်း (၆.၀၁%) ပိုမိုလျက်ရှိသည်။

   ကုန်သည်အသိုင်းအဝိုင်းက ပြောကြားရာတွင် ကနေဒါနိုင်ငံ၏ ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁.၆၇ သန်းခန့်ရှိမည်ဟု မူလက ခန့်မှန်းထားသော်လည်း နောက်ပိုင်း၌ ၃၀% ခန့် ပြန်လည်လျှော့ချခန့်မှန်းခဲ့သဖြင့် အိန္ဒိယ၏ ထုတ်လုပ်မှုမှာ ထိပ်တန်းသို့ရောက်ရှိလာကြောင်း၊ အခြား အဓိကနိုင်ငံတစ်ခုဖြစ်သည့် ဩစတေးလျ၏ ၂၀၂၃-၂၄ ခုနှစ်အတွက် ပဲနီလေး ထွက်ရှိမှုမှာ တန်ချိန် ၁.၄ သန်းခန့်ရှိနိုင်ကြောင်း သိရှိရသည်။

  မကြာသေးမီ ကာလများအတွင်း ကနေဒါနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ကျဆင်းခဲ့ခြင်းက အိန္ဒိယနိုင်ငံတွင် ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အရေးပါသည့် အခန်းကဏ္ဍသို့ တိုးတက်ရောက်ရှိခဲ့သည်။ ကမ္ဘာ့ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုတွင် ကနေဒါ၊ ဩစတေးလျနှင့် အိန္ဒိယတို့သည် ထိပ်တန်းနိုင်ငံများဖြစ်ပြီး အိန္ဒိယသည် အများဆုံးတင်သွင်းသည့်နိုင်ငံလည်းဖြစ်သည်။ ယခုနှစ်၌ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု တိုးတက်လာနိုင်ဖွယ်ရှိသည့်အလျောက် အိန္ဒိယ၏ ပဲနီလေး တင်သွင်းမှုသည် အနည်းငယ်မျှ လျော့ကျနိုင်ခြေရှိကြောင်း Business Standard သတင်းဌာနက ဖော်ပြထားပါသည်။

Source: Business Standard, 12 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)