ဗီယက်နမ်နိုင်ငံ၌ ရာသီဥတုဒဏ်ခံနိုင်သော စပါးတန်ဖိုးကွင်းဆက် ပြောင်းလဲဖော်ဆောင်ရန် စီစဉ်

Powered by Drupal

    နယ်သာလန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (SNV) သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုဒဏ်ခံနိုင်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆန်စပါး တန်ဖိုးကွင်း ဆက်များ အသွင်ပြောင်းခြင်းဟု ခေါ်ဆိုသည့် စီမံကိန်းအား  ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၁၆-၁-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ကြေညာခဲ့သည်။

   အဆိုပါ စီမံကိန်းကို ဗီယက်နမ်နိုင်ငံရှိ သြစတြေးလျသံရုံးမှ ထည့်ဝင်သော ရန်ပုံငွေ ဩစတေးလျဒေါ်လာ ၁၆ သန်း (အမေရိကန်ဒေါ်လာ ၁၀.၅ သန်း) ဖြင့် ၂၀၂၄ ခုနှစ်အတွင်း နွေ-ဆောင်းဦးသီးနှံရာသီကာလ၌ စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

    ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ An Giang၊ Đồng Tháp နှင့် Kiên Giang ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ SNV က ဆောင်ရွက်သွားမည့် ၎င်းစီမံကိန်း၏ အဓိကရည်မှန်းချက် သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဟက်တာ ၂၀၀၀၀၀ ကျော်တွင် ကာဗွန်နည်းပါးသော စပါးများ စိုက်ပျိုးခြင်းသို့ ကူးပြောင်းရန်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်၌ အဆိုပါဒေသတွင် အရည်အသွေး မြင့်မားပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော စပါးစိုက်ဧရိယာကို ဟက်တာ ၁ သန်းအထိ စိုက်ပျိုး နိုင်ရေး ပံ့ပိုးကူညီသွားရန်ဖြစ်သည်။

  အဆိုပါ စီမံကိန်းသည် Pay-for-Results ခေါ် အကျိုးရလဒ်ရရှိမှသာ စရိတ်ကျခံ ဆောင်ရွက်ရသည့် ယန္တရားကို အသုံးပြု၍ ဆန်စပါးတန်ဖိုးကွင်းဆက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်လာရန် ဆွဲဆောင်လှုံ့ဆော်မှု ပြုမည်ဖြစ်ကြောင်း၊ လယ်သမားငယ်များနှင့် စပါးတန်ဖိုးကွင်းဆက်၌ လုပ်ဆောင်သူများအားလုံး ပိုမိုမြင့်မားသော စီးပွားရေး ရလဒ်များရရှိစေရန်၊ ဆန်အရည်အသွေး တိုးတက်ကောင်းမွန်ရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုအား လျှော့ချရန်နှင့် အားလုံးပါဝင်နိုင်သည့် လူမှုတန်ဖိုးများကို မြှင့်တင်ရန်အတွက် နည်းပညာရပ်များ ဆန်းသစ်တီထွင်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

   ၂၀၅၀ ပြည့်နှစ်တွင် အသားတင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေး ရည်မှန်းချက် ချမှတ်ထားရှိသည့် ဗီယက်နမ်နိုင်ငံကို ပံ့ပိုးကူညီရန် ကတိပြုထားကြောင်း၊ ဗီယက်နမ်၏ ဆန်စပါးထုတ်လုပ်မှုသည် ဂေဟစနစ်နှင့် လိုက်လျောညီထွေစွာဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ကာဗွန်နည်းပါးသော ထုတ်ကုန်များတင်သွင်းမှုကို မြင့်တက်စေမည့် ဗီယက်နမ်ဆန်များ၏ တန်ဖိုးမြင့် ပို့ကုန်ဈေးကွက်များသို့ ဝင်ရောက်မှု တိုးတက်လာစေရန် ကူညီပေးလျက်ရှိကြောင်းဖြင့် သြစတြေးလျသံရုံးမှ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အတိုင်ပင်ခံ Cherie Russell က ထုတ်ဖော်ပြောကြားခဲ့ သည်။

  မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါး အဓိက စိုက်ပျိုးထွက်ရှိရာ ဒေသဖြစ်သည်။ သို့သော် ဒေသတွင်းနှင့် ဗီယက်နမ်နိုင်ငံတွင် ယေဘုယျအားဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် လက်ရှိကာလ၌ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု၏ အဓိက အရင်းအမြစ်များအနက် တစ်ခုအဖြစ်ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ ဗီယက်နမ် အစိုးရသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အသားတင်သုညအဆင့် ရောက်ရှိရေး ရည်မှန်းချက် ချမှတ်မှုနှင့်အတူ ၂၀၃၀ ပြည့်နှစ်၌ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အရည်အသွေးမြင့်မားပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဆန်စပါးစိုက်ပျိုးမှု ဟက်တာ ၁ သန်း ပြည့်မီရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Vietnam News, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)