အိန္ဒိယ၏ သွင်းကုန်အခွန်လျှော့ချမှုက စားအုန်းဆီ ဈေးနှုန်းများမြင့်တက်စေခဲ့

Powered by Drupal

   မလေးရှား စားအုန်းဆီ ဈေးနှုန်းသည် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယက စားသုံးဆီတင်သွင်းမှုအတွက် အခွန်သက်သာခွင့်အား ၂၀၂၅ ခုနှစ်၊ မတ်လအထိ တိုးမြှင့် ခွင့်ပြုပေးလျက်ရှိခြင်းကြောင့် ၁၆-၁-၂၀၂၄ ရက်၊ အင်္ဂါနေ့တွင် ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလ၌ဈေးနှုန်းမြင့်တက်နိုင်ကြောင်း NASDAQ သတင်းဌာနက ဖော်ပြ ပါသည်။

   ဘာဆာ မလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း သင်္ဘောတင်ပို့ဆောင်ရန်အတွက် ချုပ်ဆိုသည့် စားအုန်းဆီစာချုပ်တွင် တစ်တန်လျှင် ၃၈၄၉ ရင်းဂစ် (၈၂၁.၉၁ ဒေါ်လာ) ရှိခဲ့ပြီး ၄၉ ရင်းဂစ် (၁.၂၉%) မြင့်တက်သွားကြောင်း ဖော်ပြပါရှိပါသည်။

   အိန္ဒိယ၏ စားသုံးဆီ တင်သွင်းမှုအပေါ် ၂၀၂၅ ခုနှစ် မတ်လအထိ အခွန်လျှော့ချခြင်းနှင့် စားအုန်းဆီ ထုတ်လုပ်မှု နည်းပါးခြင်းတို့က မလေးရှားစားအုန်းဆီ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ဆီလန်ဂေါ အခြေစိုက် Pelindung Bestari ဆီကုန်သည်အဖွဲ့မှ ဒါရိုက်တာ Mr. Paramalingam Supramaniam က ပြောဆိုပါသည်။ အိန္ဒိယအစိုးရသည် ၂၀၂၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည့် စားအုန်းဆီကြမ်း၊ နေကြာဆီကြမ်းနှင့် ပဲပုပ်ဆီကြမ်းများ တင်သွင်းမှုအပေါ် အခွန်လျှော့ချမှုကာလကို နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

  ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သူနိုင်ငံဖြစ်သည့် မလေးရှားတွင် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ဆီထုတ်လုပ်မှုပမာဏကျဆင်းခဲ့ပြီး ခန့်မှန်းချက်ထက် ၁၇% ထိကျဆင်းသွားကြောင်း၊ ထို့ကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အထူးသဖြင့် ပထမ ၃ လပတ်အတွင်း ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း Mr. Supramaniam က ပြောကြားခဲ့ ပါသည်။

   တရုတ်၊ Dalian ပဲပုပ်ဆီ စာချုပ်တွင် ဈေးနှုန်း ၀.၁၆% ကျဆင်းမှုရှိခဲ့ကြောင်း၊ သို့သော် ၎င်း၏ စားအုန်းဆီစာချုပ်တွင် ၀.၅၂% ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ချီကာဂိုကုန်သွယ်ရေးဘုတ် အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းသည် ၀.၀၈% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ရှယ်ယာပါဝင်လျက်ရှိပြီး အခြားစားသုံးဆီများ၏ ဈေးနှုန်း အပြောင်းအလဲများက စားအုန်းဆီ ဈေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ မလေးရှား၏ စားအုန်းဆီတင်ပို့မှုမှာ ယခင်လ တင်ပို့မှုပမာဏအောက် ၂.၆% ခန့် ကျဆင်းလျက် တန်ချိန် ၆၀၄၄၇၄ တန် ခန့်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း စစ်ဆေးရေးကုမ္ပဏီ AmSpec Agri Malaysia က ၁၅-၁-၂၀၂၄ ရက်နေ့တွင် ပြောကြားပါသည်။ သို့ရာတွင် ကုန်တင်စစ်တမ်းကောက်ယူသူ Intertek Testing Services ၏ အချက်အလက်များကမူ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း မလေးရှားမှ စားအုန်းဆီတန်ချိန် ၆၂၉၉၁၈ တန် တင်ပို့ပြီး ၆.၅% ခန့် တိုးတက်ခဲ့ကြောင်း  ဖော်ပြပါသည်။

   စားအုန်းဆီရောင်းဝယ်ရာတွင် အသုံးပြုသည့် ရင်းဂစ်ငွေကြေး၏ တန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၀.၃၆% ကျဆင်းခဲ့ခြင်းကလည်း  နိုင်ငံခြားငွေ ကိုင်ဆောင်ထားသည့် ဝယ်ယူသူများ အတွက် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေပါသည်။

  ရာသီဥတုပြောင်းလဲမှု၊ အမေရိကန်၏ ဝယ်လိုအား ရောင်းလိုအား ပြဿနာများနှင့် အရှေ့အလယ်ပိုင်းဒေ ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ယခင်က အရှုံးပေါ်မှုများရှိခဲ့ပြီးနောက် ရေနံဈေးနှုန်းအပါအဝင် စျေးကွက်အခြေအနေနှင့် စီးပွားရေးတို့အပေါ် စိုးရိမ်မှုများ ရှိနေကြောင်းနှင့် ယင်းသို့ ရေနံစိမ်းအခက်အခဲကြောင့် စားအုန်းဆီသည်   ဇီဝဒီဇယ် ‌ထုတ်လုပ်ရာ တွင် အသုံးပြုနိုင်‌ရန် ဆွဲဆောင်မှုရှိလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: NASDAQ, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)