ဗီယက်နမ်ကုမ္ပဏီ ၅ ခု အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါအောင်မြင်

Powered by Drupal

          ၂၀၂၄ ခုနှစ်အတွက် ရေးဆွဲထားသော စီမံချက်နှင့်အညီ ဆန်တန်ချိန် ၃ သန်းခန့် တင်သွင်း ရန် အင်ဒိုနီးရှားနိုင်ငံ၏ လျာထားချက်သည် ဖိလစ်ပိုင်နိုင်ငံက တင်သွင်းရန် စီစဉ်ထားသော ဗီယက်နမ်ဆန်ပမာဏနှင့် တူညီလုနီးပါးရှိကြောင်း၊ ကမ္ဘာ့ ဆန်အများဆုံး တင်သွင်းသောနိုင်ငံ တစ်ခုဖြစ်လာမည့် အင်ဒိုနီးရှားသည် ဗီယက်နမ် ဆန်တင်ပို့မှုနယ်ပယ်အတွက်လည်း အဓိက ဖောက်သည်တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း ဟနွိုင်းအခြေစိုက် Vietnam News သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

          ဇန်နဝါရီလတွင် အင်ဒိုနီးရှား နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ (BULOG) သည် နိုင်ငံ၏ အရန်စားနပ်ရိက္ခာများ အားကောင်းလာစေရန် ဆန်တန်ချိန် ၅၀၀,၀၀၀ တင်သွင်းမှု တင်ဒါခေါ်ယူခြင်းကို စတင်ခဲ့ဆောင်ရွက်သည်။ BULOG ၏ တင်ဒါသည် ဇန်နဝါရီလ ၃၀ ရက် နေ့တွင် ပိတ်သိမ်းခဲ့ချိန်၌ ဗီယက်နမ်ကုမ္ပဏီ ၅ ခုသို့ ဖြန့်ဝေခဲ့သော လေလံ ၁၇ စောင်အနက် ၈ စောင်အား ဗီယက်နမ်မှ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          ဗီယက်နမ်မှ ဆန်တင်ပို့သည့် ကုမ္ပဏီများအနက် Loc Troi Group Joint Stock Company သည် လေလံအမှတ် (၈) နှင့် (၁၄) ကိုလည်းကောင်း၊ Northern Food Corporation (Vinafood 1) သည် လေလံအမှတ် (၁၅) နှင့် (၁၆) ကိုလည်းကောင်း၊ Southern Food Corporation (Vinafood 2) သည် လေလံအမှတ် (၃) နှင့် (၉) ကိုလည်းကောင်း လေလံ ၂ ခုစီအား အသီးသီး အောင်မြင်ခဲ့ကြကြောင်း BULOG ၏ ပြောကြားချက်အရ သိရှိရသည်။

          အခြား ဗီယက်နမ်ကုမ္ပဏီများဖြစ်သည့် Kien Giang Import-Export Joint Stock Company သည် လေလံအမှတ် (၁၂) ကိုလည်းကောင်း၊ Phat Tai Food Limited Company သည် လေလံအမှတ် (၁၁) ကိုလည်းကောင်း အောင်မြင်ခဲ့သည်။ အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါ တွင် ဗီယက်နမ်သည် ကုမ္ပဏီများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ဆန် ပမာဏများစွာအတွက် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူကုန်သွယ်မှုကုမ္ပဏီ R&S Trader PTE တစ်ခုတည်းမှ လေလံ(၁၀)၊ (၁၃) နှင့် (၁၇) တို့ကို အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          တရုတ်နိုင်ငံကို ကျော်လွန်လျက် ဗီယက်နမ်၏ ဆန်တင်ပို့မှု ဒုတိယအများဆုံး ဈေးကွက် ဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၄၀ ရှိသော ဆန် တန်ချိန် ၁.၁၆ သန်းကို တင်ပို့မည်ဖြစ်ရာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၇၇% မှ ၉၉၂% အထိ သိသာစွာ တိုးတက်လာကြောင်း ဗီယက်နမ် အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရ သည်။ အင်ဒိုနီးရှား၏ ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ် ကုမ္ပဏီများက သုံးပုံနှစ်ပုံခန့်ကို တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြသည်။

          ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် နောက်ဆုံး ရရှိ သော အချက်အလက်များအရ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိသော်လည်း နိုင်ငံ၏ ဆန်တင် ပို့မှု ဈေးနှုန်းမှာ  ၂၀၂၃ ခုနှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၁ တန်လျှင် ၁၁ အမေရိကန်ဒေါ်လာ ဒေါ်လာခန့် ကျဆင်းသွားကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း ဆန်ကွဲပါဝင်မှု ၅% ရှိသော ဗီယက်နမ်ဆန်၏ ပို့ကုန်တန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၂ ဒေါ်လာ ဖြစ်ကြောင်း သိရှိရသည်။

          လက်ရှိကာလတွင် ဆန်ကွဲ ၅% ပါဝင်သောဆန်များ၏ ဈေးနှုန်းမှာ ထိုင်းဆန် ၁ တန်လျှင် ၆၅၅ ဒေါ်လာနှင့် ပါကစ္စတန်ဆန် ၁ တန်လျှင် ၆၃၈ ဒေါ်လာနှုန်းရှိသဖြင့်  ဗီယက်နမ်ဆန်သည် ၁ တန်လျှင် ထိုင်းဆန်ထက် ၁၃ ဒေါ်လာခန့် ဈေးသက်သာမှုရှိပြီး ပါကစ္စတန် ဆန်ထက်  ၁ တန်လျှင် ၄ ဒေါ်လာခန့် ဈေးပိုမိုမြင့်မားလျက်ရှိကြောင်း သိရသည်။

          ဆန်လက်ကျန် ကန့်သတ်ချက်ရှိသည့်အတွက် လက်ရှိ ဗီယက်နမ်ဆန်၏ ပို့ကုန်ဈေးနှုန်း များမှာ မြင့်မားမှုမရှိကြောင်း၊ ဆန်ပို့ကုန်လုပ်ငန်းများသည် ဖေဖော်ဝါရီလကုန် သို့မဟုတ် မတ်လ လဆန်းပိုင်းတွင် ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း၊ ယခုကာလအတွင်း ဆန်ကုမ္ပဏီများသည် စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်းကို မပြုလုပ်ပဲ ပြည်တွင်းဈေးကွက်အပေါ်တွင်သာ အာရုံစိုက် ထားပြီး ဗီယက်နမ်နှစ်သစ်ကူးအတွက် ပြင်ဆင်လျက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်း၏ ပြော ကြားချက်အရ သိရှိရသည်။

Source: Vietnam Plus, 2 February 2024