၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂဈေးကွက်သို့ ဆန်တန်ချိန် ၁၀၄၀၀၀ ခန့် ဗီယက်နမ် တင်ပို့နိုင်ခဲ့

Powered by Drupal

          ဥရောပသမဂ္ဂ - ဗီယက်နမ် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် (EVFTA) အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁.၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၄၀၀၀ ခန့်ကို ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် ခွဲတမ်းဆန်တန်ချိန် ၈၀၀၀၀ ထက် ကျော်လွန် နေပါကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

          အဆိုပါ ကိန်းဂဏန်းများသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုး နှစ်ခုလုံး တွင် ၁၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း၊ အီးယူသို့ ဗီယက်နမ်ဆန်တင်ပို့မှုသည် EU မှ ခွဲဝေပေး ထားသည့် ခွဲတမ်းထက် ကျော်လွန်သွားသည့်  ၂ နှစ်ဆက်တိုက်လည်း ဖြစ်ကြောင်း သိရှိရသည်။

          လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံအနေဖြင့် EU အဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၂၆ နိုင်ငံသို့ ဆန်များတင်ပို့နိုင်ခဲ့ပြီး ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၂၃၃၂၈ တန်ဖြင့် အများဆုံးဖြစ်ပြီး ယခင်နှစ် ကထက် ၄၉.၃% တိုးတက်ခဲ့ရာ ဈေးကွက်ဝေစု၏ ၂၂.၄% ကို ကိုယ်စားပြုလျက်ရှိသည်။ ဂျာမနီ၏ နောက်တွင် ပိုလန်သည် ဆန်တန်ချိန် ၁၄၇၂၆ ဖြင့် ၉၂% တိုးတက်လျက် စျေးကွက်ဝေစု ၁၄.၂% အထိ မြင့်တက်လာသည်ဟု သိရှိရသည်။ အထူးသဖြင့် ဥရောပသမဂ္ဂ ဈေးကွက်အနှံ့အပြားသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှု ပမာဏသည် ရာဂဏန်းမှ ထောင်ဂဏန်းအထိ တွေ့ရှိရပြီး ဟန်ဂေရီသို့ ၁၂ ဆခန့်၊ ဘူလ်ဂေးရီးယားသို့ ၇၃၀% ၊ ဂရိသို့ ၄၈၃.၃% ၊ ပေါ်တူဂီသို့ ၄၂၅% အသီးသီး တိုးတက် တင်ပို့နိုင်ခဲ့သည်။

          အဆိုပါ အပြုသဘောရလဒ်များသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် EVFTA မှ ရရှိသည့် အခွင့်အလမ်းများကို အပြည့်အဝအသုံးချခဲ့ကြောင်း ဖော်ပြလျက်ရှိသည်။ တစ်ချိန်တည်း မှာပင် ဗီယက်နမ်ဆန်၏ အရည်အသွေးမှာလည်း စျေးကွက်တောင်းဆိုမှုများ၏ တင်းကျပ်သော လိုအပ်ချက်များကို ပြည့်မီတိုးတက်လျက်ရှိသည်ကို တွေ့ရသည်။

          EU စျေးကွက်သည် သွင်းကုန်များအတွက် စံချိန်စံညွှန်းမြင့်မားစွာ သတ်မှတ်ထားသည့် ကန့်သတ်ချက်များသော ဈေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်း SPS Vietnam Office မှ ဒုတိယ ညွှန်ကြားရေးမှူး Ngo Xuan Nam က အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း EU ဈေးကွက်သို့ မည်သည့်ဗီယက်နမ်ဆန်တင်ပို့မှုမဆို ၎င်းကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ သတိပေးခံရခြင်းမျိုး မရှိကြောင်း သိရှိရသည်။

          သိသာတင်ရှားသည့်အချက်မှာ မကြာသေးမီက ဗီယက်နမ်ဆန်မွှေး ST24 နှင့် ST25 ဆန် များသည် ကမ္ဘာ့အကောင်းဆုံးဆန် ဆုတံဆိပ်ကို နှစ်ကြိမ်ရရှိခဲ့သည့် ဆန်မျိုးကွဲများဖြစ်ပြီး EU ဈေးကွက်သို့ တင်ပို့သည့်အခါ အကောက်ခွန်သက်သာခွင့်များ တရားဝင်ခံစားခွင့်ရရှိခဲ့သည်။ အဆို ပါအချက်သည် အလားအလာရှိသော ဈေးကွက်သို့ ဆန်တင်ပို့မှုတန်ဖိုး တိုးမြှင့်ရန် အခွင့် အလမ်းကောင်းများ ပွင့်စေခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် ဗီယက်နမ်သည် EU ဆန်စျေးကွက် ၌ ဒေသတွင်း စုစုပေါင်းတင်သွင်းမှု၏ ဝေစု ၂.၈% ဖြင့် အဆင့် ၈ သို့ မြင့်တက်လာခဲ့သည်။

          ဥရောပပါလီမန်၏ နိုင်ငံတကာကုန်သွယ်မှုကော်မတီဥက္ကဋ္ဌ Bernd Lange က EVFTA သဘောတူညီချက်များကို စတင်အကောင်အထည်ဖော်ပြီး သုံးနှစ်အကြာတွင် EU နှင့် ဗီယက်နမ် အကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀% တိုးတက်လာခြင်းမှာ အောင်မြင်မှုတစ်ခုပင် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ EVFTA အပါအဝင် အကျိုးတူပူးပေါင်းထားသည့်နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံ အကြား သဘောတူညီချက်များသည် အထူးသဖြင့် ကမ္ဘာနှင့်အဝှမ်း မသေချာမရေရာမှုများနှင့် ကုန်သွယ်မှု ကာကွယ်ရေးဝါဒများ မြင့်တက်နေသည့်အချိန်တွင် နှစ်ဘက်ဆက်ဆံရေးအတွက် အရေးကြီးသော မှတ်တိုင်များဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

Source: VOV.vn, 1 February 2024