ဖိလစ်ပိုင်နိုင်ငံ၌ အယ်လ်နီညိုကြောင့် စပါးစိုက်ဧရိယာ ၂၀% ခန့် ထိခိုက်နိုင်

Powered by Drupal

          ယခုနှစ်၌ ကာလကြာရှည် ခြောက်သွေ့မှုဖြစ်ပေါ်ခြင်း၏ သက်ရောက်မှုကြောင့် ဆန်စပါး ထုတ်လုပ်မှုကျဆင်းနိုင်ဖွယ်ရှိသဖြင့် နိုင်ငံ၏စပါးကျီဖြစ်သော လူဇုန်ကျွန်းအလယ်ပိုင်းဒေသ (Central Luzon) ရှိ စပါးစိုက်ခင်းများ၏ အခြေအနေကို  အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဖိလစ်ပိုင် အမျိုးသားဆည်မြောင်းစီမံခန့်ခွဲရေးဌာန (NIA) က ၃၁-၁-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။

          အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် ဖိလစ်ပိုင်နိုင်ငံရှိ စပါးစိုက်ခင်းများ၏ ၂၀ ရာခိုင်နှုန်း ခန့်အပေါ် ထိခိုက်သက်ရောက်နိုင်ဖွယ်ရှိပြီး အဓိကအားဖြင့် Central Luzon ရှိ  ဆည်ရေပေးဝေမှု ကို ပြတ်လပ်မှုဖြစ်ပေါ်စေနိုင်သည်ဟု ခန့်မှန်းရကြောင်းဖြင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ ကို မေးမြန်းဆွေးနွေးသည့် “Bagong Pilipinas Ngayon” ရုပ်မြင်သံကြား အစီအစဉ်တွင် အဆိုပါ ဌာန၏ စီမံအုပ်ချုပ်ရေးမှူး Mr. Eduardo Guillen က ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

          ဆည်ရေ လုံလောက်စွာ ရရှိသည့်ဒေသများတွင် အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် လယ်သမားများသို့ တွန်းအားပေးဆောင်ရွက်ရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ညွှန်ကြားထားကြောင်း၊ အဆိုပါ စပါးမျိုးများ စိုက်ပျိုးမှုသည် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာနိုင်သဖြင့် ခြောက်သွေ့မှု ဒဏ်ခံရနိုင်သော မြေဧရိယာ ၂၀ ရာခိုင်နှုန်းမှ အထွက်လျော့ကျမှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊  ဖိလစ်ပိုင် အမျိုးသားဆည်မြောင်း စီမံ ခန့်ခွဲရေးဌာနသည် အယ်လ်နီညိုဖြစ်စဉ်၏ ဆိုးကျိုးသက်ရောက်မှုကို လိုက်လျောညီထွေဖြစ်စေ မည့် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ နေဖြင့် အထွက်နှုန်းကောင်း သည့် စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန် တိုက်တွန်းလိုကြောင်း၊ ခြောက်သွေ့မှုသည် စပါးသီးနှံ အတွက် များစွာစိုးရိမ်စရာမရှိကြောင်း၊ ဆန်စပါးထွက်ရှိရာ ဒေသများတွင် တိုက်ခတ်လေ့ရှိသော တိုင်ဖွန်းမုန်တိုင်းများ၏ သက်ရောက်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် အစိုးရက စီမံခန့်ခွဲဆောင်ရွက် လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် နေရောင်ခြည် ကောင်းစွာရရှိနိုင်မှုက ဆန်စပါးစိုက်ပျိုးမှုကို အထောက်အကူဖြစ်စေနိုင်ကြောင်းဖြင့် Mr. Guillen က ရှင်းလင်း ပြောကြားခဲ့သည်။

Source: Philippine Daily Inquirer, 1 February 2024