အိန္ဒိယနိုင်ငံတွင် ယခင်နှစ် စိုက်ပျိုးမှုဧရိယာနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ကုလားပဲစိုက်ပျိုးမှု မှာ လျော့နည်းခဲ့သည့်အပြင် ကာနာတကာကဲ့သို့သော ပြည်နယ်များ၌ ရာသီဥတုကောင်းမွန်မှု မရှိသဖြင့် အထွက်နှုန်းကျဆင်းဖွယ်ရှိပြီး ဈေးကွက်ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လကုန်ဆုံးချိန်၌ အိန္ဒိယ၏ စားတော်ပဲတင်သွင်းမှုမှာ တန်ချိန် ၁၀ သိန်းအထိ ရောက်ရှိနိုင်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းလျက်ရှိသည်။
အိန္ဒိယ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏ စီစဉ်မှုဖြင့် ကျင်းပသည့် ဆောင်းသီးနှံ အလားအလာခန့်မှန်းချက် ဆွေးနွေးပွဲတွင် Viterra India ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Manek Gupta က အိန္ဒိယနိုင်ငံ၏ ယခုနှစ်ကုလားပဲစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၄.၃ သိန်းခန့်ရှိနိုင်ပြီး ယခင်နှစ် ထုတ်လုပ်နိုင်မှုအောက် ၁၅% ခန့် ကျဆင်းဖွယ်ရှိကြောင်း၊ ကုလားပဲစိုက်ပျိုးမှု ဧရိယာ သည် ၈% ခန့် လျော့နည်းခဲ့ပြီး အထွက်နှုန်းသည်လည်း ၇% မှ ၈% အထိ ကျဆင်းဖွယ်ရှိကြောင်း၊ ကုလားပဲ အများဆုံးစိုက်ပျိုးသည့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် စိုက်ပျိုးထားရှိမှု ကောင်းမွန်ပြီး အထွက်နှုန်းမှာ ၅% မှ ၆% အထိ တိုးတက်နိုင်ကြောင်း၊ သို့သော် နိုင်ငံ၏ ကုလားပဲစိုက်ဧရိယာတွင် ၉% ပါဝင်လျက်ရှိသည့် ကာနာတကာပြည်နယ်၌ အထွက်နှုန်းသည် ၁၅% မှ ၂၀% အထိ ကျဆင်းမှု ရှိနိုင်ကြောင်း၊ ရှေ့လာမည့် ၂၀၂၄-၂၅ ခုနှစ်သို့ ယူဆောင်သွားနိုင်မည့် ကုလားပဲ ကုန်လက်ကျန်မှာ အစိုးရလက်ဝယ်၌ သိုလှောင်ထားသည့် တန်ချိန် ၁၀ သိန်းအပါအဝင် စုစုပေါင်းတန်ချိန် ၁၅ သိန်း ခန့်ရှိနိုင်ကြောင်း၊ ကုလားပဲထုတ်လုပ်မှု လျော့ကျခြင်းက ဈေးကွက်ဝယ်လိုအားသည် စားတော်ပဲ သို့ ပြောင်းရွှေ့ဖွယ်ရှိပြီး ဘဏ္ဍာနှစ်ကုန်ဆုံးချိန် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အတွင်း စားတော်ပဲ တင်သွင်းမှုသည် တန်ချိန် ၁၀ ခန့်အထိ ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်းဖြင့် ပြောဆိုခဲ့သည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန် နှင့် ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် ယခင်နှစ် ဒီဇင်ဘာလတွင် စားတော်ပဲတင်သွင်းမှု အပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုခဲ့ရာ လက်ရှိကာလတွင် ကနေဒါနှင့် ရုရှား နိုင်ငံများမှ အဓိက တင်သွင်းလျက်ရှိသည်။
ဥတ္တာပရာဒေ့ရှ်ပြည်နယ် ပဲခွဲစက်လုပ်ငန်းများအသင်းမှ Mithilesh Kumar Gupta က အဓိကစိုက်ပျိုးသော ဥတ္တာပရာဒေ့ရှ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့တွင် ယခုနှစ် ဆောင်းသီးနှံ ရာသီ၌ စိုက်ဧကမှာ ၃% မှ ၄% အထိ တိုးတက်ခဲ့ပြီး ရာသီဥတုကောင်းမွန်သဖြင့် စားတော်ပဲအစိမ်း အထွက်နှုန်းသည် ၃% မှ ၅% ခန့် မြင့်မားနိုင်ကြောင်း၊ စုစုပေါင်း စားတော်ပဲအစိမ်း အထွက်ပမာဏ သည်လည်း တန်ချိန် ၁၃ သိန်းနှင့် ၁၄ သိန်းအကြား ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh ကမူ ယခုနှစ်တွင် ကုလားပဲအား ၅ နှစ်တာအတွက် ပျမ်းမျှစိုက်ဧရိယာဖြစ်သော ဟက်တာ ၁၀၅ သိန်းခန့် စိုက်ပျိုး ထားသဖြင့် ဈေးကွက်အတွင်း ကုလားပဲဝယ်ယူရရှိရေး စိုးရိမ်ရန်မလိုကြောင်း ပြောဆိုထားသည်။
Source: The Hindu Business Line, 13 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)