ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဆန်ဝယ်လိုအား ခိုင်မာကောင်းမွန်နေမှုအပေါ် ဝင်ငွေတိုးတက်ရရှိရန် ကြိုးပမ်းလျက်ရှိရာ ပြန်လည်ပြုပြင်ကြိတ်ခွဲပြီး သန့်စင်ထားသော ဆန်ဖြူ အမျိုးအစားများကို ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယမှ စပါးခွံချွတ်ပြီးသော ဆန်လုံးညိုများကို တင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့် အစိုးရ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် ဒီဇင်ဘာလ နှင့်ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံမှ ဆန်လုံးညို မက်ထရစ်တန် ၂၀၀၀၀၀ ထက်မနည်းပဲ တင်သွင်းခဲ့ကြောင်း၊ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယသည် ၂၀၂၃ ခုနှစ်တွင် ဆန်ဖြူတင်ပို့မှု ကို ပိတ်ပင်ပြီးနောက် ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ သွက်လက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုသည် မက်ထရစ်တန် ၈.၃ သန်းသို့ စံချိန်တင် တိုးတက်ခဲ့ကြောင်း၊ တင်ပို့မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းသည် ဗီယက်နမ်၏ ဆန်သိုလှောင်မှုပမာဏကို ကျဆင်းမှုဖြစ်စေကြောင်း၊ သို့သော်လည်း ဗီယက်နမ်အနေဖြင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်းကို ဖြည့်ဆည်းပေးရန်အတွက် စိတ်အားထက်သန်နေဆဲဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကောလ်ကတ္တားမြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်ရန် စပါးကို မရရှိနိုင်သောကြောင့် ကုန်သည်အချို့သည် အိန္ဒိယမှ စပါးခွံချတ်ပြီး ဆန်လုံးညိုများကို တင်သွင်းကာ ပြုပြင်ကြိတ်ဖွပ်တင်ပို့ခြင်းဖြင့် အမြတ်အစွန်းများ ရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြားသောကုန်သည်များကလည်း အဆိုပါ လုပ်ငန်းကို လုပ်ကိုင်လာကြကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ဆန်လုံးညို တစ်တန်လျှင် ကုန်ပစ္စည်းသင်္ဘောပေါ် အရောက် အခြေခံဈေးနှုန်း (FOB) ဒေါ်လာ ၅၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရောင်းချခဲ့ပြီး ဗီယက်နမ် ကုန်သည်များသည် ပြန်လည်ကြိတ်ဖွပ်ထားသောဆန်များကို ဒေါ်လာ ၆၀၀ ကျော်ဖြင့် ရောင်းချ ခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်သည် အိန္ဒိယမှ ဆန်လုံးညိုကို မကြာသေးမီက စတင်ဝယ်ယူခဲ့ပြီး ယခု အခါ အိန္ဒိယ၏ စုစုပေါင်း ဆန်လုံးညိုတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိကာလ၌ ဗီယက်နမ်သည် အိန္ဒိယမှ ဆန်လုံးညို မက်ထရစ်တန်ချိန် ၇၀၀၀၀ ခန့် အား လစဉ်တင်သွင်းနေကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ရာသီအသစ်မှ ထွက်ရှိသော စပါးများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသော် လည်း အိန္ဒိယဆန်သည် စျေးနှုန်းသက်သာဆဲဖြစ်ကြောင်း ကောလ်ကတ္တားမြို့အခြေစိုက် ဆန် တင်ပို့သူ၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယမှ ဆန်တင်ပို့မှု မပိတ်မီအချိန်၌ ဗီယက်နမ်နိုင်ငံသည် တိရစ္ဆာန်အစာနှင့် ဘီယာ ချက်လုပ်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲများကို ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်နှင့် မလေးရှားနိုင်ငံတို့သည် ဆန်တင်သွင်းမှုတွင် ဦးဆောင်နေပြီး အဆိုပါနိုင်ငံများသည် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်ပို့မှုအပေါ် မှီခိုနေရကြောင်း၊ အိန္ဒိယသည် လက်ရှိတွင် ပေါင်းဆန်နှင့် ပရီမီယံအဆင့် အရည်အသွေးမြင့် ဘာစမာတီဆန်မျိုးများကိုသာ တင်ပို့ခွင့်ပြုထားကြောင်း သိရှိရသည်။
Source: Reuters, 27 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)