အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၄ ခုနှစ် ကုန်ဆုံးချိန်အထိ ဆန်ထောက်ပံ့ပေးရန် အစိုးရစီစဉ်

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံတွင် ဆန်ဈေးနှုန်းများ သက်သာမှုရရှိလာသော်လည်း အစိုးရအနေဖြင့်  ဆန်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ခြောက်လ သက်တမ်းတိုးနိုင်ဖွယ် ရှိသည်ဟု ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုက ၁၃-၅-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

      အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ခြောက်သွေ့မှုဒဏ်ကြောင့် ဆန်စပါးထွက်ရှိမှု ထိခိုက် ခြင်းက ဆန်ဈေးနှုန်းများ မြင့်မားမှုဖြစ်ပေါ်စေသည့်အပေါ် ကူညီပံပိုးပေးရန်အတွက် အင်ဒိုနီးရှား အစိုးရသည် ၂၀၂၃ ခုနှစ် မတ်လမှစ၍ ဝင်ငွေနည်းပါးသော အိမ်ထောင်စုပေါင်း သန်း ၂၀ ကျော်သို့ အိမ်ထောင်စုတစ်ခုလျှင် ၁၀ ကီလိုဂရမ်နှုန်းဖြင့် ဆန်များအား လစဉ်ပေးဝေခဲ့သည်။ အဆိုပါ အစီအစဉ်အား အကြိမ်ကြိမ် သက်တမ်းတိုးမှုများ  ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

      အင်ဒိုနီးရှား၏ လူဦးရေ သန်း ၂၇၀ အတွက် အဓိကကျသည့် ပြည်တွင်းဆန်ဈေးနှုန်းအား လျှော့ချရာတွင် ယခုအစီအစဉ်သည် အောင်မြင်မှုရရှိခဲ့ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအားလုံး၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အချို့သော စားသောက်ကုန်များ၏ ဈေးနှုန်း အလွန်မြင့်မားနေချိန်၌ အင်ဒိုနီးရှားနိုင်ငံတွင်မူ ဈေးနှုန်းများ နိမ့်ကျမှုရှိနေဆဲဖြစ်ကြောင်း၊ ဆန်ထောက်ပံ့မှုအား သက်တမ်းတိုးမြှင့်ရန်အတွက် လိုအပ်သော ဆန်အရင်းအမြစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်းမရှိပဲ အဆိုပါသက်တမ်းတိုးမှုအစီအစဉ်သည် ဘတ်ဂျက်ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည် ကြောင်း သမ္မတဂျိူကိုဝီဒိုဒို၏ ပြောကြားချက်အရ သိရှိရသည်။

   အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီဖြစ်သော Bulog သည် ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့အထိ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ဆန် ၄၇၂၂၇၉ မက်ထရစ်တန်ကို ဝယ်ယူခဲ့ပြီး စုစုပေါင်း ဆန်တန်ချိန် ၁.၈ သန်းကို သိုလှောင်ထားရှိကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းရန် ခွင့်ပြု ထားသည့်အနက် ဆန်တန်ချိန် ၁.၂ သန်းကို တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းတွင် Bulog က ပြောကြားထားသည်။

     Bulog သည် ဆန်မက်ထရစ်တန်ချိန် ၃၀၀၀၀၀ ခန့် ၀ယ်ယူရန်အတွက် နိုင်ငံတကာ တင်ဒါတစ်ရပ်ကို ထပ်မံခေါ်ယူခဲ့သည်ဟု ဥရောပကုန်သည်များက မေလ ၁၃ ရက်တွင် ပြောဆိုခဲ့ကြ ကြောင်း၊ အင်ဒိုနီးရှားစာရင်းအင်းဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း စပါးရိတ်သိမ်းရာသီ၌ ဆန် လက်ကျန်များ တိုးမြင့်လာသဖြင့် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်ဟု ပြောကြားကြောင်း သိရှိရသည်။

Source: The Straits Times, 13 May, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)