၂၀၂၄ ခုနှစ် ပထမလေးလ၌ ဆန်တင်ပို့မှုမှ ဒေါ်လာသန်း ၁၇၀ ကမ္ဘောဒီးယား ဝင်ငွေရ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၂ သန်း တန်ဖိုးရှိ ဆန် ၂၄၈၄၉၁ တန် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏       ၈-၅-၂၀၂၄ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

     ကမ္ဘောဒီးယားသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁ တန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၆.၆ သန်း ရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရပါသည်။ တရုတ်နိုင်ငံသည် ပထမလေးလ အတွင်း  အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၂၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၆၇၄၅၇ တန်ကို ဝယ်ယူ ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်အများဆုံးတင်သွင်းသူဖြစ်သည်။ ထို့အပြင် ကမ္ဘောဒီးယားသည် ဥရောပနိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၇၉၉ တန်၊ အာဆီယံ ဒေသတွင်းရှိ နိုင်ငံ ၇ နိုင်ငံသို့ ဆန်တန်ချိန် ၅၇၇၆၆ တန်နှင့် အခြားဒေသများသို့ ဆန်တန်ချိန် ၂၁၄၆၉ တန် တင်ပို့ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

     ကမ္ဘောဒီးယား၏ ပြည်ပသို့တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ် ဆန်များ ပါဝင်ကြောင်း၊ ဆန်မွှေးတင်ပို့မှုသည် စုစုပေါင်းဆန်တင်ပို့မှု၏ ၇၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

     တစ်ချိန်တည်းတွင် ကမ္ဘောဒီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၆၉၃ သန်း တန်ဖိုးရှိ စပါးတန်ချိန် ၂ ဒသမ ၄၁ သန်း တင်ပို့နိုင်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် နှစ်စဉ် စပါးတန်ချိန် ၁၂ သန်းကျော် သို့မဟုတ် ဆန်တန်ချိန်  ၇ သန်းကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိ ပြီး ၎င်းပမာဏသည် ပြည်တွင်းဝယ်လိုအားထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေကြောင်း စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ငါးလုပ်ငန်း  ဝန်ကြီးဌာနမှ အတွင်းဝန် Yang Saing Koma က ပြောကြားခဲ့သည်။

     အစိုးရ၏ အနာဂတ်ရည်မှန်းချက်မှာ လယ်သမားများအား ပံ့ပိုးပေးခြင်းအပြင် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို  ခိုင်မာသေချာစေရန်ဖြစ်   ကြောင်း Saing Koma က ဆိုသည်။ ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍသည် နိုင်ငံတော်၏ စားနပ် ရိက္ခာဖူလုံရေးအတွက် စားသောက်ကုန်ထုတ်လုပ်ခြင်းတွင် အောင်မြင်ရုံသာမက ကမ္ဘာ့စားနပ် ရိက္ခာ ဖူလုံမှုကိုလည်း အထောက်အကူပြုပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမလေးလတွင် စပါးနှင့် ဆန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန်တစ်သန်း တင်ပို့ရန် ၂၀၁၅ ခုနှစ်တွင် ရည်မှန်းချက် ချမှတ်ခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုနီးပါးကြာသည့်တိုင် အောင်မြင်မှု မရသေးသည့် အခြေအနေရှိခဲ့သည်။ သို့သော် CRF သည် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် တစ်သန်း တင်ပို့ရန် ရည်မှန်းချက်ကို ပြန်လည်ချမှတ်ထားသည်။

     ပြီးခဲ့သည့် လေးနှစ်အတွင်း နိုင်ငံတကာဈေးကွက်သို့ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၆ သိန်းကျော်သာရှိပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၆၁၇၀၆၉၊ ၂၀၂၂ ခုနှစ်၌ တန်ချိန် ၆၃၇၀၀၄ နှင့် ၂၀၂၃ ခုနှစ်တွင် ၆၅၆၄၂၃ တန်ရှိ အသီးသီးတင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ အဆိုအရ သိရပါသည်။

Source: Khmer Times, 9 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)