ယခုနှစ်တွင် တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၌ ၎င်းတို့၏ထုတ်လုပ်မှုများကို တိုးမြှင့်သွားမည်ဟုသိရပါသည်။ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ပြောကြားချက်အရ တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူများသည် ယခုနှစ် တတိယသုံးလပတ်တာကာလမှစတင်၍ ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုများကိုစတင်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ BYD နှင့် GAC Aion တို့သည် ယခုနှစ်၏ တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် လျှပ်စစ်ကားထုတ်လုပ်သွားမည်ဖြစ်ပြီး Changan မှာ ၂၀၂ခုနှစ်၊ အစောပိုင်းကာလတွင် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်မှုများ စတင်သွားမည်ဟု ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် Narit Therdsteerasukdi ကပြောကြားခဲ့ပါသည်။ BYD သည် နှစ်စဥ် လျှပ်စစ်ကားအစီးရေ (၁၅၀၀၀၀) ထုတ်လုပ်ရန်စီစဥ်ထားပြီး GAC Aion မှာ နှစ်ဝက်တာကာလတွင် လျှပ်စစ်ကားအစီးရေ (၅၀၀၀၀)ထုတ်လုပ်ရန်ရည်ရွယ်ထားကြောင်း သတင်းမီဒီယာများ၏ အဆိုအရသိရပါသည်။ Changan မှာ တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ (၁၀၀၀၀၀) ထုတ်လုပ်မည်ဟုကြေညာထားပြီး ဘက်ထရီစွမ်းအင်သုံးယာဥ်အစီးရေ (၃၀၀၀၀)မှ (၅၀၀၀၀) ကို စတင်ထုတ်လုပ်သွားမည်ဟုသိရပါသည်။ Great Wall Motor(GWM)၊ Neta၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖက်စပ်ထုတ်လုပ်သည့် SAIC Motor-CP တို့သည် ၎င်းတို့၏လျှပ်စစ်ကားများကို ထိုင်းနိုင်ငံရှိစက်ရုံများတွင် စတင်ထုတ်လုပ်နေပြီဟု Mr Narit ကပြောကြားခဲ့ပါသည်။ ဆက်လက်၍ Mr Narit က ပြည်တွင်းစျေးကွက်ရှိ လျှပ်စစ်ကားများအတွက် အစိတ်အပိုင်းများထောက်ပံ့မှုကွင်းဆက်ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် လျှပ်စစ်ကားထုတ်လုပ်မှုများ မြင့်တက်လာရန်မျှော်လင့်ကြောင်း၊ ထို့အတွက် ထိုင်းနိုင်ငံသည် ဒေသတွင်း၌ လျှပ်စစ်ကားထုတ်လုပ်သည့် အချက်အချာဒေသဖြစ်လာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်သုံးနှစ်အတွင်း ဘုတ်အဖွဲ့သည် လျှပ်စစ်ကားနယ်ပယ်အတွက် ဘတ် (၈၀)ဘီလီယံတန်ဖိုးပမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုများကိုပံ့ပိုးပေးခဲ့ကာ လျှပ်စစ်ကားအစီးရေ (၄၀၀၀၀၀)ထုတ်လုပ်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားမှုကို ၁၅-၅-၂၀၂၄ ရက်နေ့မှ ၁၇-၅-၂၀၂၄ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော တရုတ်နိုင်ငံမှ အဓိကလျှပ်စစ်ကားထုတ်လုပ်သူများတက်ရောက်သည့် “လျှပ်စစ်ကားထောက်ပံ့မှုကွင်းဆက်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့စာတမ်းဖတ်ပွဲ” တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် ဘက်ထရီထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ကားအားသွင်းရုံများတည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံလျှပ်စစ်ကားလောကတိုးတက်ရန် မြှင့်တင်မှုများပြုလုပ်ခဲ့ပါသည်။ ဘုတ်အဖွဲ့အဆိုအရ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည် လျှပ်စစ်ကားအတွက်လိုအပ်သည့် အစိတ်အပိုင်းများကို ထိုင်းနိုင်ငံထံမှဝယ်ယူရန်ဆုံးဖြတ်ထားပြီး ထိုင်းနိုင်ငံကလည်း လျှပ်စစ်ကားအစိတ်အပိုင်းစုစုပေါင်း၏ (၉၀)ရာခိုင်နှုန်းကျော်ကို ဖြည့်စည်းပေးနိုင်ကြောင်းသိရပါသည်။
Source; Bangkok Post
DOCA(ရန်ကုန်)