၂၀၂၃ခုနှစ်တွင် လယ်ယာထွက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂ဘီလီယံဝင်ငွေရရှိခဲ့သည့် ယူကရိန်းနိုင်ငံ

Powered by Drupal

       ယူကရိန်းနိုင်ငံသည် လွန်ခဲ့သည့်နှစ်က တန်ချိန်သန်း ၈၀ပမာဏရှိသည့် ကောက်ပဲသီးနှံများနှင့် ဆီထုတ်နိုင်သည့်အစေ့အဆံများကို ကောက်ရိတ်သိမ်းနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ဘီလီယံပမာဏရှိသည့် လယ်ယာထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး Taras Vysotskyi က ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့ကကြေညာခဲ့ပါသည်။ Vysotskyi ၏ ပြောကြားချက်အရ ၈၇ရာခိုင်နှုန်းသော လယ်ယာထွက်ကုန်များကို အိုဒတ်စာမြို့နှင့် ကပ်လျက်ရှိသော ဆိပ်ကမ်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် Vysotskyi က ၂၀၂၃ခုနှစ်တွင် ယူကရိန်းလယ်သမားများသည် အမေရိကန်ဒေါ်လာ ၂၂ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကိုတင်ပို့ခဲ့ကြောင်း၊ အဆိုပါကိစ္စသည် ယူကရိန်းနိုင်ငံက လိုအပ်သည့်နိုင်ငံများအတွက် အစားအစာများကိုထုတ်လုပ်ပေးနိုင်ပြီး ဖြန့်ဝေပေးနိုင်ကြောင်းကို ကမ္ဘာကြီးအတွက် အချက်ပြခြင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာလုံခြုံစိတ်ချမှုရှိစေရေးအတွက် ယူကရိန်း၏ကဏ္ဍသည် အလွန်အရေးပါကြောင်းနှင့် ကောက်ပဲသီးနှံများကို အာရှနှင့်အာဖရိကသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသည် ၂၀၂၄ခုနှစ်တွင် ပြည်တွင်းအတွက်သာမက နိုင်ငံတကာလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည့် ကောက်ပဲသီးနှံများနှင့် ဆီထုတ်နိုင်သည့်အစေ့များကို စိုက်ပျိုးရန် မျှော်လင့်ချက်ရှိကြောင်းသိရပါသည်။ ကောက်ပဲသီးနှံများတင်ပို့မှုသည် မတ်လတွင် မက်ထရစ်တန် ၅.၂သန်းရှိခဲ့ပြီး ဖေဖော်ဝါရီလက မက်ထရစ်တန် ၅.၈သန်းရှိကြောင်း ခန့်မှန်းမှုများအရသိရပါသည်။

Source: The Kyiv Independent

DOCA(ရန်ကုန်)