
အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် စတားလင့်အင်တာနက်ဝန်ဆောင်မှု စတင်ထုတ်လွှင့်ပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီပီဒိုဒိုက ဘီလီယံနာသူဌေး Elon Musk ကို အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဂျိုကိုဝီသည် Elon Musk ကို ဘာလီတွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေဖိုရမ်တွင် ၂၀-၅-၂၀၂၄ ရက်နေ့က သီးခြားတွေ့ဆုံခဲ့ပြီး အဆိုပါအခမ်းအနားကို Elon Musk က ရေတိုစီမံခန့်ခွဲမှု၏ အရေးပါမှုနှင့်ပတ်သက်၍ ဟောပြောမည့်သူအနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်းသိရပါသည်။ အစည်းအဝေးတွင် ဂျိုကိုဝီက Elon Musk ၏ Space XI ကားထုတ်လုပ်သည့် Telsa နှင့် ဥမင်လှိုဏ်ခေါင်းဆောက်လုပ်သည့် The Boring Company တို့ကို အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်ရန် Elon Musk ကို တိုက်တွန်းခဲ့ကြောင်းသိရပါသည်။ ဂျိုကိုဝီက အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒစ်ဂျစ်တယ်စနစ်ကိုကူးပြောင်းလျက်ရှိကြောင်း၊ ၎င်းအချက်သည် ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ်စီးပွားရေးနည်းပညာနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖွင့်လှစ်ပေးမည်ဟု ပြောကြားနိုင်ကြောင်း သမ္မတရုံးအတွင်းရေးမှူး၏ သတင်းစာထုတ်ပြန်ချက်ကောက်နုတ်ချက်အရသိရပါသည်။ သမ္မတဂျိုကိုဗီသည် ကျောင်းများ၊ ကျန်းမာရေးစင်တာများပါဝင်သော လူမှုအဖွဲ့အစည်းများပါဝင်သည့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် စတားလင့်အင်တာနက်ကို ဝန်ဆောင်ခလျှော့ချပေးရန်နှင့် စားသုံးသူကာကွယ်ရေးကိုဦးစားပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ Elon Musk ကလည်း လတ်တလောလွှင့်တင်ထားသည့် စတားလင့်ဂြိုလ်တုအင်တာနက်သည် အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍကိုထောက်ပံ့ပေးမည့် အင်တာနက်ချိတ်ဆက်မှုကိုပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ သို့သော် Elon Musk သည် ဂျိုကိုဗီ၏တောင်းဆိုချက်များကို ပြန်လည်တုန့်ပြန်မှုရှိ/ မရှိ မသေချာကြောင်းသိရှိရပါသည်။ ၁၉-၅-၂၀၂၄ ရက်နေ့က စတားလင့်ဂြိုလ်တုအင်တာနက် စတင်လွှင့်သည့်နေ့တွင် သတင်းထောက်များ၏ အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားနယ်ပယ်၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားရှိမှုရှိ/ မရှိနှင့်ပတ်သက်၍ မေးမြန်းမှုကို Elon Musk က လတ်တလောတွင် စတားလင့်ကိုသာ ပထမဆုံးအာရုံစိုက်ထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုရသည် နိုင်ငံ၏ကြွယ်ဝသော နီကယ်သတ္တုအရင်းအမြစ်များကိုအသုံးပြု၍ နိုင်ငံ၏လျှပ်စစ်ကားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အလိုရှိနေပြီး Elon Musk ၏ Telsa ကုမ္ပဏီကို နိုင်ငံတွင်း၌ လျှပ်စစ်ကားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် နှစ်ပေါင်းများစွာကြိုးပမ်းလျက်ရှိကြောင်းသိရပါသည်။
Source: The Jakarata Post
DOCA(ရန်ကုန်)