အိန္ဒိယနိုင်ငံ၌ ရွေးကောက်ပွဲအလွန်ကာလတွင် ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံဈေးနှုန်းများမှာ လွန်ခဲ့သော ၄ - ၅ လ ကာလအတွင်း ၁၀% မှ ၁၅% အထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာမည့် ဇွန်လ ၄ ရက်နေ့၏ နောက်ပိုင်း၌ ၂၀% မှ ၃၀% ခန့်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း Times of India သတင်းဌာနက ဖော်ပြပါသည်။

     နိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုနှင့် မိုးရွာသွန်းသည့်ပုံသဏ္ဌာန် မမှန်ကန်မှုတို့ကြောင့် ပဲမျိုးစုံ ထွက်ရှိမှု ကျဆင်းမည်ဟု အစီရင်ခံစာများ ထွက်ပေါ်ခဲ့ပြီးနောက် တောင်သူများထံမှ ကုန်ကြမ်းများကို မြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူထားရှိခဲ့ကြရသော ပဲကြိတ်ခွဲပြုပြင်ထုတ်လုပ်သူများသည် ပဲဈေးနှုန်းများကို မြှင့်တင်ရန်အတွက် အထွေထွေရွေးကောက်ပွဲ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်း လျက်ရှိကြကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

     ရွေးကောက်ပွဲများရှိနေသောကြောင့် ၎င်းတို့အနေဖြင့် ဈေးနှုန်းများတည်ငြိမ်မှုရှိအောင် ထိန်းသိမ်းရမည်ဟု ပြောကြားခံထားရကြောင်း၊ လက်ရှိ ပဲမျိုးစုံအားရောင်းချသည့် ဈေးနှုန်းများမှာ  ၎င်းတို့၏ ဝယ်ယူရေးကုန်ကျစရိတ်များကိုပင် ကာမိခြင်းမရှိသဖြင့် အရှုံးပေါ်လျက်ရှိကြောင်းဖြင့် အန္တရာပရာဒေ့ရှ်ပြည်နယ် Vijayawada ဒေသရှိ ပဲခွဲစက်လုပ်ငန်းရှင်များက ပြောဆိုလျက်ရှိကြ သည်။ အဆိုပါပြည်နယ်သည် အိန္ဒိယပြည်တွင်း၌ ပဲနီလေးကို အဓိကစိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲ သည့်အပြင် ပဲစင်းငုံကိုလည်း အခြားသော ပြည်နယ်များသို့ ပံ့ပိုးပေးလျက်ရှိသည်။

    အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု၏ ၂၅% ခန့်ကို ထုတ်လုပ်လျက်ရှိသော် လည်း ပြည်တွင်းစားသုံးမှု ကြီးမားခြင်းကြောင့် လိုအပ်သောပမာဏကို ပြည်ပမှ တင်သွင်းနေရသည်။ လက်ရှိသီးနှံရာသီ၌ မုတ်သုံမိုး ပုံပျက်ယွင်းမှုကြောင့် အထွက်ပမာဏမှာ ၃၀% ခန့် ကျဆင်း မည်ဟု အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားရာ ပဲခွဲစက်များအနေဖြင့် တောင်သူများထံမှ ကုန်ကြမ်းများကို ဈေးကြီးပေးဝယ်ယူခဲ့ရသည်။ ပဲစင်းငုံကုန်ကြမ်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၁၁၀၀၀ မှ ၁၃၀၀၀ အတွင်းရှိသော နှုန်းထားဖြင့် ကုန်သည်များက ဝယ်ယူခဲ့ကြရပြီး ၎င်း ပမာဏသည် အစိုးရက သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သော ၇၀၀၀ ရူပီးနှုန်း အပေါ် ၇၀% ခန့်ကျော်လွန်လျက်ရှိကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုခဲ့သည်။

     လက်လီဈေးကွက်တွင် လွန်ခဲ့သော ၆ လခန့်၌ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၃၀ နှုန်းခန့်ဖြင့် ရောင်းချခဲ့ရသော ပဲစင်းငုံခွဲခြမ်း၏ ဈေးနှုန်းများသည် အခုအခါ ရူပီး ၁၉၀ မှ ၂၀၀ အတွင်း နှုန်းထားသို့ ရောက်ရှိနေသည်။ မည်သည့် ဈေးနှုန်းတစ်စုံတစ်ရာ ထပ်မံမြင့်တက်မှုမဆို ပြည်သူများထံမှ ကောင်းမွန်သော တုံ့ပြန်ချက် မရရှိနိုင်မှုကို စိုးရိမ်မှုနှင့်အတူ ကုန်သည်များအနေဖြင့် ဈေးနှုန်းများ မြှင့်တင်ခြင်းမပြုရန်နှင့် သိုလှောင်ဈေးကစားမှုများကို နှိမ်နင်းအရေးယူမည်ဖြစ်ကြောင်း ဗဟိုစိုးရနှင့် ပြည်နယ်အစိုးရများက သတိပေးထားသည်။

     သို့ဖြစ်ရာ ပဲကြိတ်ခွဲပြုပြင်ထုတ်လုပ်သူများသည် လွန်ခဲ့သော ၃ လအတွင်း ဈေးနှုန်းများ မြှင့်တင်ခြင်းကို ရှောင်ကြဉ်ခဲ့ကြရသည်။ လက်လီဈေးကွက်အတွင်း ဇွန်လကုန်ပိုင်း၌ ပဲစင်းငုံ ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၂၄၀ - ၂၆၀ ခန့်သို့လည်းကောင်း၊ လက်ရှိ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၆၀ နှုန်းခန့်ရှိသော မတ်ပဲသည် ရူပီး ၂၀၀ နှုန်းခန့်သို့လည်းကောင်း အသီးသီး မြင့်တက်ဖွယ်ရှိကြောင်း Times of India သတင်းဌာနက ဖော်ပြထားသည်။

Source: Times of India, 22 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)