ကမ္ဘောဒီးယားနိုင်ငံ၏ GFT တင်ပို့မှု ၂၀.၆၉ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွားသုံးကုန်ပစ္စည်းများ (GFT) ပြည်ပသို့တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၈၉ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၀.၆၉ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပြည်တွင်းနှင့်ပြည်ပအကောက်ခွန်အထွေထွေဦးစီးဌာနကထုတ်ပြန်သည့် ကုန်သွယ်ရေးအချက်အလက်အရသိရပါသည်။ GFT တင်ပို့မှုသည် ၂၀၂၂ခုနှစ်အလယ်ပိုင်းမှစ၍ (၁၈)လဆက်တိုက် ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုအလှည့်အပြောင်းသည် ယခင်ကျဆင်းချိန်က စက်ရုံများပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော GFT ကဏ္ဍမှ အလုပ်သမားများကို ငွေကြေးထောက်ပံ့ပေးနေရသော ကမ္ဘောဒီးယားအစိုးရအတွက် အသက်ရှုချောင်သွားစေကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် တင်ပို့မှုကဏ္ဍတွင်သာမက လုပ်သား ၁သန်းခန့်ကို အလုပ်အကိုင်များဖန်တီးပေးထားသော GFT ကဏ္ဍအပေါ်တွင် အလွန်မှီခိုနေရလျက်ရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ပြည်ပသို့တင်ပို့ရာမှ ရရှိသည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံအနက် ၄၈ရာခိုင်နှုန်းသည် GFT ကုန်ပစ္စည်းများမှရရှိခြင်းဖြစ်ပါသည်။ ချုပ်လုပ်ပြီးသောပစ္စည်းများနှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၁၈ဘီလီယံ၊ ပိတ်စကဲ့သို့သော မချုပ်လုပ်ရသေးသည့်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၄ဘီလီယံ၊ ခြေအိတ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၁၅သန်း၊ သားရေပစ္စည်းများနှင့် ခရီးသွားသုံးကုန်ပစ္စည်းများမှ အမေရိကန်ဒေါ်လာ ၇၆၂သန်းနှင့် အခြားချည်မျှင်ပစ္စည်းများမှ အမေရိကန်ဒေါ်လာ ၈၇သန်းရရှိခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် မေလတစ်လတည်းကပင် GFT ကဏ္ဍမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၁၉ဘီလံယံရရှိခဲ့ကြောင်းသိရပါသည်။

 Source: Khmertimes

DOCA(ရန်ကုန်)