ဩစတေးလျမှ ကုလားပဲတန်ချိန် ၁ သန်း အိန္ဒိယတင်သွင်းဖွယ်ရှိ

Powered by Drupal

          အိန္ဒိယနိုင်ငံအနေဖြင့် ကုလားပဲထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ပြည်တွင်း၌ရောင်းလိုအား နည်းပါးလျက်ရှိမှုကို မြှင့်တင်ရန်အတွက် ယခင်နှစ် ဒီဇင်ဘာလမှစတင်၍ စားတော်ပဲများကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုလျက် တန်ချိန် ၁.၆ သန်း တင်သွင်းမှုအပြင် ဩစတေးလျနိုင်ငံထံမှ ကုလားပဲတန်ချိန် ၁.၁ သန်းခန့်အထိကိုလည်း တင်သွင်းဖွယ်ရှိကြောင်း အိန္ဒိယ Financial Express သတင်းဌာနက ဖော်ပြပါသည်။

          ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် ၅၀% ခန့် ပါဝင်လျက်ရှိသော ကုလားပဲများ ထွက်ရှိမှုမှာ သိသာစွာကျဆင်းခဲ့ရာ အိန္ဒိယအစိုးရသည် စားတော်ပဲနှင့် ကုလားပဲတို့အား သွင်းကုန် အခွန်ကင်းလွတ်ခွင့်ပြုခြင်း အပါအဝင် အခြားသောပဲမျိုးများ ထွက်ရှိမှုမြှင့်တင်နိုင်ရေး တောင်သူ များသို့ တွန်းအားပေးမည့် အစီအမံများစွာကို ချမှတ်လုပ်ဆောင်လျက်ရှိသည်။ ပဲမျိုးစုံ ကုန်သွယ် ရောင်းဝယ်သည့် ဦးဆောင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော Mayur Global ကော်ပိုရေးရှင်းမှ အကြီး အကဲဖြစ်သူ Harsha Rai က လွန်ခဲ့သောလ၌ ကုလားပဲတင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ် မှုကို ဖယ်ရှားပေးခဲ့သည့် အစိုးရ၏ အချိန်အခါသင့်ဆောင်ရွက်ချက်က ဩစတေးလျရှိ စိုက်ပျိုးသူ များသို့ အပြုသဘောဆောင်သော အချက်ပြမှုဖြစ်ခဲ့ပြီး ယခုနှစ်တွင် တိုးမြှင့်စိုက်ပျိုးမှုကို ဖြစ်ပေါ် စေခဲ့ကြောင်း၊ ဩစတေးလျမှ ရိတ်သိမ်းထွက်ရှိသော ကုလားပဲများသည် အိန္ဒိယဈေးကွက်သို့ စက်တင်ဘာလခန့်တွင် ဝင်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

          အိန္ဒိယပြည်တွင်းဈေးကွက်၌ ကုလားပဲဈေးနှုန်းများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြင့်တက်လာခဲ့ရာ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ရာဂျပ်စတန်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်များတွင် လက်ရှိကာလ၌ အခြေခံရည်ညွှန်းဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅၄၄၀ ရူပီးနှုန်းထက် ပိုမိုပြီး ရူပီး ၇၁၀၀ နှုန်းခန့်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ကုလားပဲဈေးနှုန်း များ ရူပီး ၇၀၀၀ ကိုကျော်လွန်ရောက်ရှိမှုသည် လွန်ခဲ့သော နှစ်ကာလများအတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၃-၂၄ သီးနှံရာသီနှစ်တွင် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှုအောက် တန်ချိန် ၀.၆၉ သန်းခန့် လျော့နည်းလျက် တန်ချိန် ၁၁.၅၇ သန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ သို့ရာ တွင် ကုန်သည်များကမူ အဆိုပါ ပမာဏထက် ပိုမိုလျော့နည်းနိုင်သည်ဟု ပြောဆိုလျက်ရှိသည်။

          ကုန်သွယ်ရေး သတင်းအရင်းအမြစ်များမှ ပြောဆိုမှုအရ ကုလားပဲဈေးနှုန်းသည် အခြေခံ ရည်ညွှန်းဈေးနှုန်း၏အထက်၌ တည်ရှိနေသဖြင့် လက်ရှိ ဧပြီ-ဇွန် ဈေးကွက်ရာသီကာလအတွင်း အစိုးရ၏ ဝယ်ယူရေးအေဂျင်စီဖြစ်သော NAFED သမဝါယမအသင်းချုပ်သည် ကုလားပဲ အရန် ရိက္ခာ ဝယ်ယူရန် တန်ချိန် ၁ သန်း လျာထားချက်အပေါ် တန်ချိန် ၄၀၀၀၀ ခန့်သာ ဝယ်ယူရရှိခဲ့ ကြောင်း၊ ဈေးနှုန်းထောက်ပံ့မှု အစီအစဉ်အောက်တွင် NAFED သည် ၂၀၂၂-၂၃ ခုနှစ်၌ ကုလားပဲ တန်ချိန် ၂.၆ သန်းနှင့် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၂.၃ သန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း၊ အရန် ရိက္ခာ ကုလားပဲ စုဆောင်းထားရှိမှုမှာ လက်ရှိကာလ၌ စံသတ်မှတ်ချက်ဖြစ်သော တန်ချိန် ၁ သန်း အောက်သို့ လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

Source: Financial Express, 13 Jun 2024