၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သဘာဝရော်ဘာ ဝယ်လိုအား ၃.၁% တိုးတက်နိုင်

Powered by Drupal

          မလေးရှားနိုင်ငံ အခြေစိုက်၊ သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ ၁၉-၆-၂၀၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အရွက်ကြွေသည့်ရာသီကာလ ကုန်ဆုံးပြီးနောက် ရော်ဘာထုတ်လုပ်မှုပြန်လည်စတင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ် မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက် ဈေးကွက်၌ မှိုင်းခံရော်ဘာအဆင့်-၃ (RSS-3) အတန်းအစားမှအပ ကျန်ရှိသော သဘာဝရော်ဘာများ၏ ဈေးကွက်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်ရာနိုင်ငံ များရှိ ငွေကြေးတန်ဖိုး ခိုင်မာမှုအခြေအနေက သဘာဝရော်ဘာဈေးကွက်အပေါ် ဆက်လက် လွှမ်းမိုးမှု ရှိမည်ဖြစ်ကြောင်း၊ အခြားအကြောင်းအရင်းများကလည်း ရော်ဘာဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် သက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          အဓိကဈေးကွက်များတွင် နေ့စဉ်ဖြစ်ပေါ်သော သင်္ဘောပေါ်အရောက်ဈေးနှုန်း (FOB) များ ကို ပျမ်းမျှတွက်ချက်မှုအရ ရော်ဘာဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် မေလ၌ ဘန်ကောက်ဈေးကွက် တွင် ထိုင်းစံရော်ဘာအဆင့်-၂၀ (STR-20) သည် ၁ ကီလိုဂရမ်လျှင် ၁.၈၃ ဒေါ်လာနှုန်းရှိပြီး ယခင် လကထက် ၄.၄% မြင့်တက်လျက် တိုးတက်မှုအများဆုံးဖြစ်ခဲ့သည်။ ကွာလာလမ်ပူဈေးကွက်တွင် မလေးရှား စံရော်ဘာအဆင့်-၂၀ (SMR-20) ၏ ပျမ်းမျှဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁.၆၉ ဒေါ်လာ ရှိပြီး ဧပြီလကထက် ၃.၈% ပိုမိုလာခဲ့သည်။

          ဘန်ကောက်ဈေးကွက်၌ မှိုင်းခံရော်ဘာအဆင့်-၃ (RSS-3) မှာမူ ယခင်လ ပျမ်းမျှဈေးနှုန်း အောက် ၀.၇% လျော့နည်းလျက် ၁ ကီလိုဂရမ်လျှင် ၂.၃၇ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ အိန္ဒိယနိုင်ငံ ကိုတာယမ်ဈေးကွက်တွင် မှိုင်းခံရော်ဘာအဆင့်-၄ (RSS-4) ပျမ်းမျှဈေးနှုန်းသည် ဧပြီလကထက် ၀.၆% မြင့်တက်ပြီး ၁ ကီလိုဂရမ်လျှင် ၂.၂၀ ဒေါ်လာနှုန်းနှင့် ကွာလာလမ်ပူ ရော်ဘာစိမ်း (Latex) ၏ မေလရှိ ပျမ်းမျှဈေးနှုန်းသည် ယခင်လကထက် ၂.၄% မြင့်တက်လျက် ၁ ကီလိုဂရမ်လျှင် ၁.၆၀ ဒေါ်လာနှုန်းရှိကြောင်း သိရှိရသည်။

          ကမ္ဘာ့သဘာဝရော်ဘာ ဝယ်လိုအားသည် ၂၀၂၄ ခုနှစ်တွင် ၃.၁% ခန့် တိုးတက်လာနိုင်ပြီး ထုတ်လုပ်မှုအပိုင်း၌ ၁.၁% တိုးတက်ဖွယ်ရှိသည်ဟု ANRPC အသင်းက ၂၀၂၄ ခုနှစ် မေလအတွက် ထုတ်ပြန်သော လစဉ် သဘာဝရော်ဘာ စာရင်းအင်း အစီရင်ခံစာ၌ ပြင်ဆင်ခန့်မှန်းထားသည်။ ANRPC အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ ယခင်နှစ် သဘာဝရော်ဘာထုတ်လုပ်မှု နောက်ဆုံး အခြေ အနေများကို မွမ်းမံပြင်ဆင်မှုအရ ယခုကဲ့သို့ ကမ္ဘာ့သဘာဝရော်ဘာ ဝယ်လိုအားနှင့် ရောင်းလိုအား တို့အကြား ကွာဟချက် ကြီးမားလာခြင်းဖြစ်သည်။

          ရော်ဘာရောင်းလိုအားအပိုင်း၌ နိမ့်ကျရခြင်းမှာ ရော်ဘာစိုက်ပျိုးသည့် တောင်သူများ၏ အစေးခြစ်ရိတ်သိမ်းရန်လုပ်ကိုင်လိုမှု နည်းပါးလာခြင်းက ထုတ်လုပ်မှုကို နှေးကွေးကျဆင်းစေပြီး အထူးသဖြင့် သမားရိုးကျ ရော်ဘာထုတ်လုပ်သော ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရာသီဥတု ကောင်းမွန်မှုမရှိသည့် အခြေအနေ၊ အရွက်ရောဂါ များ ကျရောက်မှုနှင့် အစဉ်တစိုက် ရော်ဘာဈေးနှုန်းများနိမ့်ကျမှုတို့ ကဲ့သို့သော စိန်ခေါ်မှုများက လည်း တောင်သူများ၏ ထုတ်လုပ်မှုအပေါ် သိသာစွာသက်ရောက်လျက်ရှိကြောင်း ANRPC က ဖော်ပြထားသည်။

Source: Association of Natural Rubber Producing Countries, 19 Jun 2024